ယူနိုက်တက်နိုင်ပွဲမှ ခိုက်ရန်ဖြစ်ပွားမှုအား လေ့ကျင့်ရေးကွင်းတွင် ဘောက်ဆင်ထိုးကာ အဆုံးသတ်လာကြတဲ့ ဂူယီနှင့် မိုက်ကယ်ကိန်း
===================

အဲဗာတန်ကစားသမားများဖြစ်ကြတဲ့ အိုင်ဒရက်စ်ဆာဂူယီနှင့် မိုက်ကယ်ကိန်းတို့ဟာ တနင်္လာနေ့ညတုန်းက အိုးထရက်ဖို့ဒ်နိုင်ပွဲတွင် ကွင်းအတွင်း အချင်းချင်း ရန်ဖြစ်ခဲ့မှုအား လေ့ကျင့်ရေးကွင်းတွင် ဘောက်ဆင်ထိုးကာ အဆုံးသတ်လာကြပါတယ်။
ယူနိုက်တက်နှင့်ပွဲစဉ်ရဲ့ ပွဲချိန် ၁၃ မိနစ်တွင် ဂူယီဟာ ကစားဖော်မိုက်ကယ်ကိန်းနှင့် အချင်းများစဉ် ပါးရိုက်ခဲ့မှုအတွက် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဂူယီဟာ ဘရူနိုဖာနန်ဒက်စ် အဲဗာတန်ဧရိယာအစပ်မှ လွတ်လပ်စွာ ကန်ခွင့်ရသွားမှုနှင့် ပတ်သက်ပြီး မိုက်ကယ်ကိန်းနှင့် အချင်းများရာ ပါးရိုက်ခဲ့မိတာလည်း ဖြစ်ပါတယ်။
ဆီနီဂေါဝါရင့်ကွင်းလယ်ကစားသမားဟာ သူ့အမှားအတွက် လူသိရှင်ကြားတောင်းပန်မှု ပြုလုပ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။
ယနေ့တွင် တိုက်စစ်မှူးသီယာနိုဘာရီက ၎င်းတို့နှစ်ဦးအကြား ရယ်စရာ ဘောက်ဆင်ထိုးနေတဲ့ ဗီဒီယိုဖိုင်အား တင်လာမှုနှင့်အတူ ပြဿနာအဆုံးသတ်သွားပြီလို့ ယူဆရပါတယ်။
အသက် ၂၃ နှစ်ရှိ တိုက်စစ်မှူးဟာ အဲဗာတန်လေ့ကျင့်ရေးကွင်းမှ လက်ဝှေ့ကြိုးဝိုင်းတွင် လက်အိတ်ဖြင့် ရယ်မော ထိုးသတ်နေကြတဲ့ ဂူယီနှင့် ကိန်းတို့ရဲ့ ပျော်စရာ အဖြစ်အပျက်ကို မှတ်တမ်းတင်ကာ ဆိုရှယ်မီဒီယာမှာ တင်လာတာလည်း ဖြစ်ပါတယ်။ ဘာရီက ၎င်းတို့နှစ်ဦးရဲ့ လက်ဝှေ့ပွဲတွင် ဒိုင်အဖြစ် လုပ်ဆောင်ခဲ့တာပါ။
ဘာရီဟာ ဂူယီနှင့် ကိန်းတို့အကြား လက်ဝှေ့ပွဲကို "ဒီမှာ အချစ်တွေပဲ ရှိတယ်"ဆိုပြီး စာရေးသား တင်သွားတာပါ။

image