UFC ကမ္ဘာ့ချန်ပီယံနှင့်အတူ MMA ပွဲသွင်းကုမ္ပဏီတွင် ရင်းနှီးမြှပ်နှံလာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို
==================
MMA ဝါသနာအိုး ခရစ္စတီယာနိုရော်နယ်ဒိုဟာ UFC ကမ္ဘာ့ချန်ပီယံတစ်ဦးနှင့်အတူ MMA ပွဲသွင်းကုမ္ပဏီတစ်ခုတွင် ရှယ်ယာထည့်ဝင်ပြီး ရင်းနှီးမြှပ်နှံမှု ပြုလုပ်လာပါတယ်။
ဆော်ဒီကလပ် Al Nassr တွင် တစ်နှစ်လုပ်ခ ပေါင်သန်း ၂၀၀ ကျော် ရရှိနေတဲ့ Ballon d'Or ၅ ကြိမ်ရ ခရစ္စတီယာနိုရော်နယ်ဒိုဟာ သူ့ရဲ့ စီးပွားရေးအင်ပါယာကို ချဲ့နိုင်သမျှ ချဲ့ထွင်နိုင်ရေးအတွက် လုပ်ငန်းတိုးချဲ့မှုများ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
သူဟာ သူ့ရဲ့ ကမ္ဘာသိအောင်မြင်ကျော်ကြားမှုကို အသုံးချကာ ဟိုတယ်လုပ်ငန်းများ၊ ကာယလေ့ကျင့်ခန်းလုပ်ငန်း၊ နာရီကုမ္ပဏီ၊ ကိုယ်ပိုင်အဝတ်အစားအမှတ်တံဆိပ်များတွင် ရင်းနှီးမြှပ်နှံမှု ပြုလုပ်ထားသူလည်း ဖြစ်ပါတယ်။
ယခု သူဟာ UFC လိုက်ဝိတ်တန်းချန်ပီယံ အီလီယာတိုပူရီယာ ပူးတွဲပိုင်ဆိုင်တဲ့ စပိန်ပရိုမိုရှင်းကုမ္ပဏီ WOW FC တွင် ရင်းနှီးမြှပ်နှံကာ MMA လောကသို့ ဝင်ရောက်လာခဲ့ပြီလည်း ဖြစ်ပါတယ်။
အသက် ၄၀ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုက "MMA က ကျွန်တော် အမှန်တကယ် ယုံကြည်တဲ့ စည်းကမ်း၊ လေးစားမှု၊ ခံနိုင်ရည်ရှိမှု၊ ဆက်တိုက်အကောင်းဆုံးလုပ်နိုင်မှုတို့ကို ကိုယ်စားပြုပါတယ်။ WOW FC က ထူးခြားပြီး အစွမ်းထက်တဲ့အရာကို တည်ဆောက်နေပါတယ်။ ဒီစီမံကိန်းမှာ ပါဝင်ပြီး ဒီအားကစားမြင့်တက်လာအောင်၊ နောက်မျိုးဆက်သစ်တွေကို လှုံဆော်ပေးနိုင်အောင် လုပ်ဆောင်ခွင့်လို့ ဂုဏ်ယူပါတယ်"လို့ ပြောကြားသွားပါတယ်။