1 ပတ် - ဘာသာပြန်ပါ။

ဗီလာနိုင်ပွဲတွင် ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံစဉ် အရာဝတ္ထုပစ္စည်းများဖြင့် ပစ်ပေါက်ခံခဲ့ရတဲ့ မာလန်
===================

ဗီလာတိုက်စစ်သမားဒွန်ယဲလ်မာလန်ဟာ ကလပ်ရဲ့ ယန်းဘွိုင်းပွဲစဉ်အတွင်းတွင် ပရိသတ်ရဲ့ ခွက်ဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရကာ ခေါင်းပေါက်သွားခဲ့ပါတယ်။
အသက် ၂၆ နှစ်ရှိ နယ်သာလန်တိုက်စစ်သမားဟာ ဗီလာပါ့ခ်ပွဲစဉ်တွင် ၂၇ မိနစ်မှာ ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။
ဒါပေမယ့် သူဟာ အဝေးကွင်းပရိသတ်များရှိရာ ပွဲကြည့်စင်သို့ သွားရောက် အောင်ပွဲခံချိန်မှာတော့ ပစ္စည်းများဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရပါတယ်။
ကံဆိုးစွာပင် ပလပ်စတစ်ခွက်တစ်ခွက်မှာ မာလန်ရဲ့ ခေါင်းကို ထိသွားပြီး ခေါင်းပေါက်သွားတာ တွေ့ရပါတယ်။
အခြားဗီလာကစားသမားများဟာလည်း ပွဲကြည့်စင်မှ ပျံဝဲလာတဲ့ အရာဝတ္တုပစ္စည်းများကို ထိန်းရှောင်ခဲ့ပါတယ်။
ယင်းနောက် ပထမပိုင်းမပြီးခင် မာလန်က ဒုတိယဂိုးသွင်းလာချိန်တွင်လည်း နောက်ထပ် ပြဿနာကြုံခဲ့ပါတယ်။
ယခုတစ်ကြိမ်တွင်လည်း သူဟာ အဝေးကွင်းပရိသတ်များရှိရာ ပွဲကြည့်စင်သို့ပင် သွားရောက် အောင်ပွဲခံခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း သူဟာ ပရိသတ်များရဲ့ ပစ္စည်းများဖြင့် ပစ်ပေါက်ကြိုဆိုခြင်းခံခဲ့ရပြန်ပါတယ်။
ယန်းဘွိုင်းအသင်းခေါင်းဆောင်လိုရစ်ဘီနီတိုဟာ ပရိသတ်များ ရှိရာသို့ သွားရောက်ကာ တားဆီးခဲ့ပါတယ်။
ဒါပေမယ့် ပရိသတ်များ ပိုမို ဆိုးရွားလာကာ ထိုင်ခုံရိုက်ချိုးပြီး ရဲတပ်ဖွဲ့ဝင်များကို ပစ်ပေါက်တဲ့အထိ ပြုလုပ်လာပါတယ်။ အချို့ပရိသတ်များက လုံခြုံရေးဝန်ထမ်းနှင့် ရဲတပ်ဖွဲ့ဝင်များကို တွန်းထိုးခြင်းလည်း ပြုလုပ်ခဲ့ကာ တစ်ဦးမှာ ဆွဲခေါ်သွားခြင်း ခံ့ခဲ့ရပါတယ်။
ဒိုင်လူကြီးက အခြေအနေ ပြန်လည်တည်ငြိမ်တဲ့အထိ ပွဲကို ရပ်ဆိုင်းခဲ့ပြီး ၅ မိနစ်ဝန်းကျင်ခန့် ပွဲကို ရပ်ခဲ့ပါတယ်။
မနေ့ညက ပွဲတွင် ဗီလာတို့ ၂-၁ ဖြင့် အနိုင်ရရှိကာ ၅ ပွဲကစားပြီးချိန်တွင် ၄ ပွဲအနိုင်ရရှိကာ ရမှတ် ၁၂ မှတ်ဖြင့် အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

image