ပြည်ပသို့ ရော်ဘာတန်ချိန် ၁ သိန်းခွဲနီးပါး တင်ပို့ထား
--------------------------
အခု ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလကနေ နိုဝင်ဘာလအထိ ပြည်ပကို ရော်ဘာတန်ချိန် ၁ သိန်းခွဲနီးပါး တင်ပို့ နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းကနေ သိရပါတယ်။ အခုဘဏ္ဍာနှစ်မှာ ရော်ဘာတန်ချိန် ၃ သိန်းခွဲလောက် တင်ပို့နိုင်ဖို့ လျာထားပြီး ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကတော့ ရော်ဘာတန်ချိန် ၃ သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့ကာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါး ရရှိခဲ့ပါတယ်။
ရာသီဥတုအခြေအနေနဲ့ ရော်ဘာအစေးလှီးလုပ်သားရှားပါးတာနဲ့ ရင်ဆိုင်နေရဆဲဖြစ်လို့ ရော်ဘာအထွက်နှုန်း မကောင်းနိုင်သေးဘူးလို့ မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း အထွေထွေ အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရော်ဘာပေါက်ဈေးကျဆင်းနေသလို မြန်မာ့ ရော်ဘာပေါက်ဈေး လည်း ဈေးကောင်းရသင့်သလောက် မရဖြစ်နေတယ်လို့ ဆိုပါတယ်။
ပြည်တွင်းမှာ ရော်ဘာသုံးစွဲမှုက နှစ်စဉ် တန်ချိန် ၂ သောင်းကျော်ရှိပြီး ပြည်ပကို တန်ချိန် ၃ သိန်းဝန်းကျင် တင်ပို့ နေပါတယ်။ ပြည်ပတင်ပို့ရာမှာ တရုတ်ကို ၇၅ ရာခိုင်နှုန်းတင်ပို့နေပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အိန္ဒိယ နဲ့ ဂျပန်နိုင်ငံတို့ကိုလည်း တင်ပို့နေတယ်လို့ သိရပါတယ်။ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်ကနေ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်းက ရော်ဘာတင်ပို့မှုကနေ တစ်နှစ်ကို ပျမ်းမျှ အမေရိကန် ဒေါ်လာ သန်း ၂၅၀ ကနေ သန်း ၄၅၀ အကြား ရရှိခဲ့တယ်လို့ သိရပါတယ်။