ပုသိမ် - မုံရွာ ကားလမ်းပေါ်မှာ ကုန်တင်ကားသမား ၄ ယောက်ကို ကားတွေနဲ့အတူ လက်နက်ကိုင်အဖွဲ့ကဖမ်းဆီး
ဧရာဝတီတိုင်း ၊ ပုသိမ် - မုံရွာ ကားလမ်းပေါ်မှာကုန်တင် ကားသမား ၄ ယောက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့ တခုက ဖမ်းဆီးထားတယ်လို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဲ့ဒီကုန်တင်ကားသမား ၄ ယောက်ကို ပုသိမ် - မုံရွာ ကားလမ်းပေါ်လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာ အနီးမှာ မနေ့ နိုဝင်ဘာလ ၂၅ ရက်ညနေပိုင်းက အသင့်စောင့်နေတဲ့ လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားတာလို့ သိရပါတယ်။
''ဘာလို့ ဖမ်းတာလည်းတော့ မသိဘူး ဖမ်းဆီးခေါ်ခံရတာ မှန်တယ်။ အဖမ်းခံရတဲ့ကားတွေကရန်ကုန်ကနေလာတဲ့ ကုန်ကားတွေလို့သိရပါတယ်။ ဘယ်ကိုဖမ်းခေါ်သွားတယ် ဆိုတာမသိသေးဘူး။ လက်နက်ကိုင်အဖွဲ့တခုကဖမ်း တာ။''လို့ အဖမ်းခံရတဲ့သူတွေနဲ့နီးစပ်သူ တယောက်ကပြောပါတယ်။
အဲ့ဒီ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ကားသမားတွေဟာ လေးမျက်နှာနဲ့ ပုသိမ်-မုံရွာလမ်းပေါ်က ဈေးဆိုင်တွေက မှာယူထားတဲ့အိမ်သုံးစပ္စည်းတွေဆန်တွေ၊ စားသုံးဆီတွေ၊ စက်သုံးဆီတွေနဲ့အဝတ်အထည်တွေ တင်မောင်းလာတဲ့ ကားသမား တွေဖြစ်တယ်လို့သိရပါတယ်။
''အဲ့ဒီ ဖမ်းဆီးခံရတဲ့သူတွေက ကုန်တင်ကား ၂ စီးကို မောင်းတဲ့ယာဉ်မောင်း အမျိုးသား ၄ ယောက်ကိုပါ။ ကားတွေပါ သိမ်းယူထားတယ်လို့ သိရတယ်။ မိသားစုက မနေ့ကနေ့လယ်ပိုင်းအထိ ဖုန်းအဆက်အသွယ်ရသေးတယ်။ ညပိုင်းကျတော့ဖုန်းမရတော့။''လို့ ဖြစ်စဉ်ကိုသိရှိတဲ့သူတယောက်က ပြောပါတယ်။
အခုလို ကုန်တင်ကားသမားတွေ ဖမ်းဆီးခံရတဲ့ လေးမျက်နှာအပိုင်ထဲက စက်စက်ယိုကျေးရွာအပါအဝင် ဒေသအချို့ မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေရက် ဆက်တိုက်ပွဲဖြစ်ပွားမှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးခေါ်ခံရတဲ့ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့အသီးသီးဘက်ကတော့ မှတ်ချက် တစုံတရာပေး သတင်းထုတ်ပြန်တာမရှိသေးတာတွေ့ ရပါတယ်။
အဲ့ဒီ လက်နက်ကိုင်အဖွဲ့တွေဖမ်းဆီးတဲ့ကုန်စည် ပစ္စည်းတွေအများစုဟာ အရပ်သားတွေ ပိုင်ဆိုင်တဲ့ကုန် ပစ္စည်းတွေဖြစ်သလို ကုန်ကားသမားတွေဟာလည်း ပုံမှန်ကုန်စည် သယ်ယူရေးလုပ်ငန်းလုပ်ဆောင်နေသူတွေဖြစ်တယ် လို့ ဒေသခံတွေဆီကသိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်ကလည်း အသက် ၇၀ ကျော်အရွယ် ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်ထဲက ကျေးရွာ အုပ်ချုပ်ရေးမှူးဦးတင်လှဟာ မန္တလေးတိုင်းကို ခရီးသွားစဉ် ကျောက်ပန်းတောင်းမြို့နယ် ဆိတ္တိန်းကျေးရွာအနီးအရောက်မှာ လက်နက်ကိုင်အဖွဲ့တခုကဖမ်းဆီးသွားသေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်ကလည်း မကွေးတိုင်း ချောက်မြို့နယ်၊ သွေးနက်ကျေးရွာမှာ နေထိုင်တဲ့ အသက် (၃၅)နှစ်အရွယ် ထွေအုပ်စာရေး ကိုနေမျိုးထွဋ်ဆို သူကို အမည်မသိသေနတ်သမားတွေက နေအိမ်အထိ လာဖမ်း ခေါ်ပြီးနောက် ချောက်မြို့နယ်၊သွေးနက်ကျေး ရွာနဲ့ ကြီးနီ ကျေးရွာလမ်းဆုံမှာပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။