7 ရက် - ဘာသာပြန်ပါ။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ကွဲလွဲမှု အနည်းငယ်သာရှိတော့တယ်လို့ ထရန့်ပြော

ရုရှားက ယူကရိန်းကို ကျူးကျော်မှုကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ ရုရှားနဲ့ ဆွေးနွေးပွဲတွေမှာ သဘောထားကွဲလွဲမှု အနည်းငယ်သာ ကျန်ရှိတော့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။
ငြိမ်းချမ်းရေးအစီအစဉ်ကို အပြီးသတ်နိုင်ဖို့ အတွက် ထရန့်ရဲ့ အထူးသံတမန် စတိဗ်ဝှစ်အော့ဖ်ကို ရုရှားမှာ ရသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ညွှန်ကြားထားတယ်လို့ သမ္မတထရန့်ကဆိုပါတယ်။ ဝှစ်အော့ဖ်ဟာ လာမယ့်အပတ်မှာ ရုရှားသွားဖွယ်ရှိတယ်လို့ သူကဆိုပါတယ်။
ဒါပေမယ့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လပ်ဗ်ရော့ကတော့ အမေရိကန်ရဲ့ အစီအစဉ်ဟာ ရုရှားရဲ့ တောင်းဆိုချက်တွေကို မထင်ဟပ်တဲ့ပုံစံမျိုးတွေနဲ့ ပြင်ဆင်လာမယ်ဆိုရင် အခြေခံအားဖြင့်ကို ကွဲလွဲနေလိမ့်နေမယ်လို့ သတိပေးပါတယ်။
အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းအရှေ့ပိုင်း ဒွန်နက်စ်လို ဒေသတွေ ရုရှားပိုင်နက်အဖြစ် အသိအမှတ်ပြုတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ကနဦးမှာ တင်ပြခဲ့‌ပြီး ယူကရိန်းအနေနဲ့ သိသာထင်ရှားတဲ့ လိုက်လျောမှုများ ပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။
ဒါပေမယ့်လည်း အဲဒီငြိမ်းချမ်းရေး အစီအစဉ်အပေါ် ယူကရိန်းနဲ့ ဥရောပနိုင်ငံတွေ အမေရိကန်ရဲ့ အစီအစဉ်ကို ပြင်ဆင်ဖို့ တောင်းဆိုခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ဂျီနီဗာမှာ အမေရိကန်နဲ့ ဆွေးနွေးခဲ့ပြီး အချက် ၂၈ ချက်ပါ အဆိုပြုချက်ကို ပြန်လည်ပြင်ဆင်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ယူကရိန်းရဲ့ ဥရောပ မဟာမိတ်တွေဟာ ရုရှားရဲ့ စစ်ရည်မှန်းချက်တွေအတွက် ဦးစားပေးအချက်တွေကို ပယ်ချပြီးနောက် အစီအစဉ်ကို ပြင်ဆင်ခဲ့ပုံရတယ်လို့ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ထားပါတယ်။

image