ပုသိမ် နည်းပညာအထက်တန်း ကျောင်းသားဟောင်း သေဆုံးမှုမှ ကျူးလွန်သူတွေ လွတ်မြောက်နေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ အစိုးရ နည်းပညာ အထက်တန်းကျောင်းမှာ အုပ်စုဖွဲ့ ရိုက်နှက်ခံရလို့ သေဆုံးခဲ့ရတဲ့ ကျောင်းသားဟောင်းအမှုမှ ရိုက်နှက်မှု ကျူးလွန်သူတွေဟာ လက်ရှိမှာ တိမ်းရှောင် လွတ်မြောက်နေတယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။
အဲဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တာလို့ သိရပြီး သေဆုံးသူဟာ အစိုးရ နည်းပညာ အထက်တန်းကျောင်း၊ စက်ပြင်ဌာနက ကျောင်းသားဟောင်း ကိုခန့်ကျော်သူထွန်းဖြစ်ကာ ရိုက်နှက်မှု ကျူးလွန်သူတွေကတော့ အဲဒီကျောင်းက တတိယနှစ်ကျောင်းသား မင်းပြည့်စုံအပါအဝင် ကျောင်းသား သုံးယောက် ဖြစ်တယ်လို့ သိရပါတယ်။
အုပ်စုဖွဲ့ ရိုက်နှက်ခံရမှုကြောင့် ကိုခန့်ကျော်သူထွန်းဟာ ပြင်းထန် ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် ပုသိမ်ဆေးရုံကို ကနဦး ပို့ဆောင်ခဲ့ပေမယ့် ဒဏ်ရာအခြေအနေ စိုးရိမ်ရတာကြောင့် နိုဝင်ဘာ ၂၀ ရက်နေ့မှာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ထပ်မံ ပို့ဆောင်ကာ ဆက်လက် ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။
“ကလေးက လုံးဝကို သတိမရတော့ဘူး။ စတွေ့ပါပြီ ဆိုကတည်းက သတိမေ့နေတာ ခြောက်ရက်ကြာတယ်။ အကြောတွေလည်း ဆွဲတယ်၊ ခေါင်းဆိုလည်း ငြိမ်ငြိမ် မနေတော့ဘူး။ အဖျားတွေတက်တယ်၊ အပူတွေကြီးတယ်၊ ခြေထောက်တွေ အေးလာတယ်၊ ပြောရရင် အကုန်ကိုဆိုးတယ်။ အဲဒါ ၂၄ နာရီလုံးလုံး ဖြစ်နေတာ။ အောက်ဆီဂျင်တွေဆိုလည်း ပါးစပ် တပိုက်၊ နှာခေါင်း တပိုက် တပ်ထားခဲ့ရတာ” လို့ သူက ပြောပါတယ်။
ရိုက်နှက်ခံရမှုကြောင့် ကိုခန့်ကျော်သူထွန်းဟာ ဦးနှောက်သွေးယိုမှု၊ နှာခေါင်းရိုးကျိုး၊ လည်ပင်းရိုးကျိုး စတဲ့ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် အရေးပေါ် လူနာအဖြစ် ဆေးကုသမှု ခံယူခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ရန်ကုန် ရောက်ရောက်ချင်းမှာတောင် ဆရာဝန်ကြီးက တရက်လောက်ပဲ ခံမယ်၊ နေ့လား၊ ညလားမသိလို့ ပြောပေမယ့် သူက ခြောက်ရက်အထိ ကြာလာတော့ ကိုမာသဘောမျိုးများ ဖြစ်သွားမလား ဆိုပြီး ဆရာဝန်ကြီးက ထပ်ပြောလာတယ်။ ဘာပဲဖြစ်ဖြစ် ‌အသက်ဘေးက လွတ်တယ်ရင်တော့ မျှော်လင့်ချက်လေးတော့ ရှိနိုင်မယ်လို့ ထင်လိုက်သေးတယ်။ ဒါပေမယ့် အဲဒီ ခြောက်ရက်မြောက်နေ့မှာပဲ သူဆုံးသွားတယ်” လို့ သူက ပြောပါတယ်။
ဒါကြောင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူ တတိယနှစ် ကျောင်းသား မင်းပြည့်စုံကို အခင်းဖြစ်ပွားပြီး နောက်တရက်ဖြစ်တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ပုသိမ်မြို့မရဲစခန်းက ဖမ်းဆီးခဲ့သလို ကျောင်းဘက်ကလည်း ကျောင်း နှစ်နှစ်နားခိုင်းကာ အပြစ်ပေး အရေးယူထားတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မင်းပြည့်စုံက ရိုက်နှက်မှုကို ၎င်းတယောက်တည်း ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဝန်ခံခဲ့တဲ့အတွက် အခင်း ဖြစ်ပွားရာမှာ ပါဝင်တဲ့ နောက်ထပ် နှစ်ယောက်ကိုတော့ ပုသိမ်မြို့မရဲစခန်းက အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
“အမှုဖွင့်တယ်။ အဲဒီမှာ ရိုက်နှက်တဲ့ကောင်လေးက တယောက်ပဲ ဝန်ခံတယ်။ ဒါပေမယ့်လည်းလေ၊ ခံရတဲ့ကလေး ပုံစံကြည့်ရသလောက်က တယောက်တည်းလုပ်တာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဝေဒနာလည်း တော်တော် ဆိုးဆိုးရွားရွား ခံစားခဲ့ရတာ။ တကိုယ်လုံးလည်း အရှိုးရာတွေ၊ အညိုအမည်းတွေ စွဲနေတာ။ သူခံစားရတာ အများကြီးဆိုတော့ တယောက်တည်း လုပ်တာတော့ မဖြစ်နိုင်ဘူးဆိုတာ လူကြီးတွေက သိ‌တယ်” လို့ ဒီဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။
ဒါပေမယ့်လည်း ရိုက်နှက်မှု ကျူးလွန်ကြောင်း ဝန်ခံထားတဲ့ မင်းပြည့်စုံကို လက်ရှိမှာ ပုသိမ်မြို့မ ရဲစခန်းက အာမခံပေးပြီး အချုပ်ကနေ ပြန်လည် လွှတ်ပေးလိုက်တာကြောင့် လွတ်မြောက်နေပြီး ပြန်လည် ဖမ်းဆီးလို့ ရ၊ မရ မသိရသေးဘူးလို့ သူက ပြောပါတယ်။
“အခုထိလေ အဲဒီကလေးကို ပြန်ဖမ်းလို့ မိလား၊ မမိလား ဆိုတာကို အဲဒီဘက်ကလူတွေက ပြည့်ပြည့်စုံစုံကို မပြောနိုင်သေးဘူး။ ဒီဘက်မှာကလည်း ကာယကံရှင်တွေက ဆေးရုံမှာတုန်းကလည်း ကလေးအသက်လုနေရတာနဲ့၊ ဆုံးပြန်တော့လည်း နာရေးကိစ္စ စီစဉ်နေရတာနဲ့ အမှုကို သေသေချာချာ မလုပ်နိုင်သေးဘူး ဖြစ်နေတယ်” လို့ သူက ပြောပါတယ်။
ဒါကြောင့် ရိုက်နှက်မှု ကျူးလွန်သူဟာ လတ်တလော ကာလမှာ အာမခံ ဘယ်လိုရရှိသွားသလဲ ဆိုတာကို သေဆုံးသူရဲ့ ကာယကံရှင် မိသားစုဝင်တွေက စုံစမ်းနိုင်ခြင်း မရှိသေးဘူး ဖြစ်နေတယ်လို့ ဆိုပါတယ်။
“စခန်းမှူးကလည်း ပြီးခဲ့တဲ့ သုံးရက်က ဆေးရုံက ကလေးအခြေအနေကို ဖုန်းဆက်မေးတယ်။ မကောင်းသေးဘူးပဲ ဖြေနေရတယ်။ တကယ်ကလည်း ကောင်းမှ မကောင်းသေးတာကိုး။ အမှန်တကယ်ကတော့လေ သူတို့ အာမခံပေးချင်လို့ ဆက်တယ်လို့ ထင်တာပဲ။ ဒီဘက်က ဆုံးပြီလည်းဆိုရော ကျူးလွန်သူကို သူတို့
နိုဝင်ဘာ ၂၅ ရက်နေ့၊ မနက် ၁၀ နာရီကတည်းက လပွတ္တာကနေ ပြန်သွားခေါ်နေတယ်လို့ ပြောတယ်။ အခုထိတော့ ပြန်မရောက်သေးဘူး။ ဖုန်းဆက်တော့လည်း ဘာမှ အကျိုးအကြောင်း မသိရဘူး” လို့ သူက ပြောပါတယ်။
ကိုခန့်ကျော်သူထွန်းဟာ အခင်း ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က အမှတ်စာရင်း ယူဖို့အတွက် အစိုးရ နည်းပညာ အထက်တန်းကျောင်းကို သွားရောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူက ရိုက်နှက်မှု ကျူးလွန်ကြောင်း ဝန်ခံထားတဲ့ မင်းပြည့်စုံကို “မင်းကောင်မလေးက နောက်တယောက်နဲ့၊ မင်းတော့ ကျန်ခဲ့ပြီ” လို့ ပြောရာကနေ စကားများ၊ ရန်ဖြစ်ခဲ့တာလို့ ကျူးလွန်သူဘက်က ဝန်ခံ ထွက်ဆိုထားတယ်လို့ ဖြစ်စဉ် အသေးစိတ်ကို‌တော့ ကာယကံရှင် မိသားစုက မသိရှိရသေးဘူးလို့ သိရပါတယ်။
လက်ရှိမှာ သေဆုံးသူ အသက် (၂၁) နှစ်အရွယ် ကိုခန့်ကျော်သူထွန်းကို ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့ရှိ သုသာန်မှာ မနေ့ နိုဝင်ဘာ ၂၆ ရက်၊ မနက် ၁၁ နာရီခွဲက မီးသင်္ဂြိုဟ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

image