ဂီနီ-ဘစ်ဆောမှာ သမ္မတကိုဖမ်းပြီး စစ်တပ်အရာရှိတစုက အာဏာသိမ်း
ဂီနီ-ဘစ်ဆော သမ္မတ အူမာရိုဆစ်ဆိုကို အမ်ဘာလိုကို စစ်တပ်အရာရှိတစုက ဖမ်းဆီးပြီး နိုင်ငံကို ထိန်းချုပ်လိုက်တယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မြို့တော်ဘစ်ဆောမှာ သေနတ်သံတွေ ကြားနေရပြီး မကြာမီမှာ သမ္မတ ဖမ်းဆီးခံလိုက်ရတယ်လို့ အစိုးရသတင်းရင်းမြစ်တွေက ပြောပါတယ်။ နိုဝင်ဘာ ၂၃ ရက် ရွေးကောက်ပွဲ ရလဒ် လုပ်ငန်းစဉ်တွေကို ရပ်ဆိုင်းလိုက်တယ်လို့ စစ်တပ်တာဝန်ရှိသူတွေက နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ကြေညာပါတယ်။
ရွေးကောက်ပွဲရလဒ်တွေကို နိုဝင်ဘာ ၂၇ရက်မှာ ထုတ်ပြန်ကြေညာဖို့ စီစဉ်ထားခဲ့ပြီး သမ္မတ အမ်ဘာလိုနဲ့ သူ့ရဲ့ အနီးဆုံးပြိုင်ဘက် ဖာနန်ဒိုဒီရက်စ်တို့နှစ်ဦးစလုံးက အနိုင်ရကြောင်း အခိုင်အမာပြောဆိုထားကြပါတယ်။
အာဏာသိမ်းအဖွဲ့ဟာ ဖာနန်ဒိုဒီရက်စ် ၊ ပြည်ထဲရေးဝန်ကြီး ၊ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး နာအန်တန်နဲ့ သူ့ရဲ့ လက်ထောက် မာမာဒူတိုရေးတို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
နိုင်ငံကို မတည်မငြိမ်ဖြစ်စေဖို့အတွက် မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်တယောက်က ထောက်ခံမှု ရရှိထားတဲ့ နိုင်ငံရေးသမားတွေရဲ့ ကြံစည်မှုကို ဟန့်တားဖို့ လုပ်ဆောင်နေတာလို့ အာဏာသိမ်းအဖွဲ့က ဆိုပါတယ်။ နယ်စပ်တွေကို ပိတ်ပစ်ပြီး ညမထွက်ရအမိန့် ကိုလည်း ထုတ်ပြန်ထားပါတယ်။
ဆီနီဂေါနဲ့ ဂီနီကြားမှာ တည်ရှိပြီး ၁၉၇၄ ခုနှစ်မှာ ပေါ်တူဂီထံမှ လွတ်လပ်ရေးရပြီးကတည်းက စစ်တပ်ဩဇာလွှမ်းမိုးမှုနဲ့ အာဏာသိမ်းမှုဖြစ်ပွားလေ့ရှိတဲ့ ဂီနီ-ဘစ်ဆောနိုင်ငံဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုဗဟိုချက်ဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀ ကာလအတွင်း အာဏာသိမ်းမှု ကိုးကြိမ် နဲ့ အာဏာသိမ်းဖို့ ကြံစည်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။