၃ ပွဲဆက် ကြီးမားတဲ့ အရှုံးနှင့် ကြုံရပြီးနောက် ဆလော့ကို ထုတ်ပယ်ရန် လီဗာပူးပရိသတ်များ တောင်းဆိုလာကြ
=====================
လီဗာပူးပရိသတ်များဟာ သုံးပွဲဆက် ကြီးမားတဲ့ အရှုံးနှင့် ကြုံရပြီးနောက် ဖိအားများအောက်သို့ ကျရောက်နေတဲ့ အန်းဆလော့ကို ရာထူးမှ ထုတ်ပယ်ရေး တောင်းဆိုလာကြပါတယ်။
လီဗာပူးဟာ နိုင်ငံတကာပွဲမတိုင်မီ အပြီးတွင် မန်စီးတီးနှင့် နော်တင်ဟမ်ဖောရက်စ်တို့အား ဆက်တိုက် ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ဖလားကာကွယ်ရေး မျှော်လင့်ချက် မရှိသလောက် နည်းပါးလာပါတယ်။
ဒါ့အပြင် လီဗာပူးဟာ ဗုဒ္ဓဟူးနေ့ညတုန်းက အန်ဖီးလ်ကွင်းတွင်ပင် ပီအက်စ်ဗွီကို ၄-၁ ဖြင့် အရေးနိမ့်လာမှုနဲ့အတူ ချန်ပီယံလိဂ်မှာလည်း အခြေအနေမကောင်း ဖြစ်လာပြန်ပါတယ်။
လီဗာပူးဟာ ပီအက်စ်ဗွီရှုံးပွဲကြောင့် ချန်ပီယံလိဂ်အမှတ်ပေးဇယားအဆင့် ၁၃ သို့အထိ ဆင်းလာရကာ ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရေး မရေမရာ ဖြစ်လာပါတယ်။
ယင်းသို့ ရလဒ်ဆိုးရွားနေမှုနှင့်အတူ လီဗာပူးပရိသတ်များဟာ X (ယခင်တွစ်တာ)တွင် Arne Slot Out ဆိုပြီး ပို့စ်တွေ တင်လာကြပါတယ်။
အန်းဆလော့ဟာ ပီအက်စ်ဗွီအား ရှုံးနိမ့်ပြီးနောက် ဘယ်သူမှ မလိုချင်တဲ့ ၃၃ နှစ်ကြာ စံချိန်ဆိုးတစ်ခုကိုလည်း ပိုင်ဆိုင်လာပါသေးတယ်။
လီဗာပူးဟာ ၁၉၉၂ ခုနှစ် စက်တင်ဘာလနောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲအရပ်ရပ် ၃ ပွဲဆက် ၃ ဂိုးနဲ့အထက် ပေးရပြီး ရှုံးနိမ့်လာပါတယ်။
လီဗာပူးဟာ ယခုရာသီအစတုန်းက ၆ ပွဲဆက် နိုင်ပွဲ ရရှိမှုနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်ရေးသာမက ချန်ပီယံလိဂ်ဖလားပါ ရယူရေး အိပ်မက်မက်ခဲ့တာပါ။
ဒါပေမယ့် ပဲလေ့စ်ကို ၂ ကြိမ်အရေးနိမ့်၊ ဂါလာတာစာရေး၊ ချဲလ်ဆီး၊ ခါးသီးတဲ့ ပြိုင်ဘက် ယူနိုက်တက်၊ ဘရန့်ဖို့ဒ်၊ မန်စီးတီး၊ နော်တင်ဟမ်ဖောရက်စ်နဲ့ ယခု ပီအက်စ်ဗွီတို့ကို အရေးနိမ့်ထားပါတယ်။
လီဗာပူးတို့ နောက်ဆုံး အကြိမ် နောက်ဆုံး ၁၂ ပွဲတွင် ၉ ပွဲအထိ ရှုံးနိမ့်ခဲ့တာ ၁၉၅၃ ခုနှစ် နိုဝင်ဘာလမှ ၁၉၅၄ ခုနှစ် ဇန်နဝါရီလတုန်းက ဖြစ်ပါတယ်။
ယခု ဆလော့ရဲ့ လီဗာပူးဟာ နောက်ဆုံး ၁၂ ပွဲတွင် ၉ ပွဲအထိ ရှုံးနိမ့်ထားကာ မလိုချင်တဲ့ မှတ်တမ်းဆိုး ပိုင်ဆိုင်လာပါတယ်။
လီဗာပူးဟာ လာမယ့် ပွဲအဖြစ် တနင်္ဂနွေနေ့မှာ လန်ဒန်သို့ သွားရောက်ပြီး ဝက်စ်ဟမ်းနှင့် ရင်ဆိုင်ကစားရပါမယ်။