ဟောင်ကောင် အထပ်မြင့်တိုက်ခန်းတွဲမီးလောင်မှု ၄၄ ယောက်သေပြီး လူ ၂၈၀ နီးပါး ပျောက်ဆုံး
ဟောင်ကောင် တိုင်ပိုခရိုင်ရှိ တိုက်ခန်းတွဲမီးလောင်မှုကြောင့် သေဆုံးသူ ၄၄ ယောက်အထိ မြင့်တက်လာပြီး နောက်ထပ် ၄၅ ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒါဟာ ဟောင်ကောင်ရှိ အထပ်မြင့် လူနေအဆောက်အအုံတွေကို ဆယ်စုနှစ်သုံးခုအတွင်း အဆိုးရွားဆုံး မီးလောင်မှုဖြစ်ပြီး လူ ၂၇၉ ယောက်ထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ လူ ၄၀ ဟာ အခင်းဖြစ်ရာနေရာမှာတင် သေဆုံးခဲ့ပြီး လေးယောက်ကတော့ ဆေးရုံအရောက်မှာ သေဆုံးခဲ့တာလို့ မီးသတ်ဌာန ဒုတိယညွှန်ကြားရေးမှူး ဒီရက်ခ်အမ်းစတောင်းချန်းက ပြောပါတယ်။
"မှောင်မိုက်နေတဲ့အချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းအတွက် အန္တရာယ်နဲ့ အခက်အခဲတွေ ထပ်မံဖြစ်ပေါ်စေပြီး လက်ရှိအချိန်ထိ မီးလောင်ရာနေရာအတွင်းရှိ အပူချိန်ဟာ အလွန်မြင့်မားနေဆဲဖြစ်တာကြောင့် အဆောက်အအုံနှစ်ခုရဲ့ အပေါ်ဆုံးထပ်တွေကို ကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်ဖို့ အခက်အခဲတွေ ရှိနေတယ် ။" လို့ ပြောပါတယ်။
အဆောက်အအုံ ရှစ်ခုအနက် လေးခုမှာ မီးလောင်ကျွမ်းမှုတွေကို ထိန်းချုပ်ထားပြီး ညနေပိုင်းမှာတော့ မီးငြှိမ်းသတ်နိုင်မယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဒီအိမ်ယာဟာ အထပ် ၃၀ ကျော်မြင့်တဲ့ တိုက်ခန်းတွဲ ရှစ်ခုမှာ အခန်းပေါင်း ၂၀၀၀ ရှိပါတယ်။
"ကုမ္ပဏီမှာ တာဝန်ခံတွေက ပေါ့လျော့မှုကြောင့် ဒီမတော်တဆမှု ဖြစ်ပွားခဲ့ပြီး မီးဟာ ထိန်းမနိုင်သိမ်းမရ ပျံ့နှံ့သွားပြီး အကြီးအကျယ် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ယုံကြည်ရတဲ့ အကြောင်းရင်းရှိပါတယ်" လို့ ဟောင်ကောင်ရဲတပ်ဖွဲ့ အကြီးတန်းရဲအရာရှိ အီလင်းချွန်က ပြောကြားပါတယ်။
အသက် ၅၂ နှစ်မှ ၆၈ နှစ်ကြားရှိ ကုမ္ပဏီတာန်ရှိသူ သုံးယောက်ကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးနဲ့ အထပ်မြင့်တိုက်ခန်းတွေရှိရာ စီးပွားရေးမြို့တော် ဟောင်ကောင်မှာ ဒီမီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။
ဒါပေမယ့်လည်း အိမ်ယာကို ပြန်လည်ပြုပြင်ရာမှာ ရိုးရာတရုတ်ဗိသုကာလက်ရာရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ ဝါးနဲ့ ပိုလီစတိုင်ရင်းဖော့ အပါအဝင် မီးလောင်လွယ်သောပစ္စည်းတွေနဲ့ တည်ဆောက်မှုတွေကြောင့်လို့လည်း ဆိုပါတယ်။ မီးလောင်မှုကို အဆင့်ငါးအဖြစ် သတ်မှတ်ထားပြီး ဟောင်ကောင်မှာ အပြင်းထန်ဆုံးဖြစ်ပါတယ်။