ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့တဲ့ လီယွန်နယ်မက်ဆီ
====================
လီယွန်နယ်မက်ဆီဟာ ၂၀၂၃ ခုနှစ်တုန်းက ဘာစီလိုနာသို့ ပြန်လည် ပြောင်းရွှေ့ခဲ့ရန် အပြီးသတ် သဘောတူညီမှု ရရှိခဲ့ဖူးပါတယ်။ ဘာစီလိုနာဟာ ကလပ်ရဲ့သမိုင်းတွင် အကြီးကျယ်ဆုံးကစားသမားအား နူးကမ့်သို့ ပြန်ခေါ်ဆောင်ရေး စာချုပ်ချုပ်ဆိုဖို့ပဲ လိုတော့တဲ့ အခြေအနေအထိ ရောက်ခဲ့ပေမယ့်လည်း ဖြစ်လာခဲ့ခြင်း မရှိပါဘူး။
မက်ဆီဟာ ၂၀၂၁ ခုနှစ်တုန်းက နှစ်နှစ်ဆယ်နီးပါး ကျင်လည်လာခဲ့တဲ့ ဘာစီလိုနာမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာပြီးတဲ့နောက် ပီအက်စ်ဂျီသို့ ပြောင်းခဲ့ပါတယ်။
သူဟာ ပီအက်စ်ဂျီတွင် နှစ်ရာသီကြာ ကစားပြီးနောက်မှာတော့ အမေရိကန်ကလပ် အင်တာမိုင်ယာမီသို့ ရောက်လာပါတယ်။
သူဟာ ၂၀၂၁ ခုနှစ်တုန်းက စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ဘာစီလိုနာမှာ ဘဏ္ဍာရေးပြဿနာတက်ကာ စာချုပ်သစ်ချုပ်ဆိုရေးမတတ်နိုင်မှုနှင့်အတူ ဝမ်းနည်းကြေကွဲစွာ ထွက်ခွာခဲ့ရတာပါ။
သူဟာ ပီအက်စ်ဂျီတွင် ကစားတဲ့ ၂ နှစ်အတွင်းတွင် ပြည်တွင်းဖလားများ ရရှိခဲ့သလို အာဂျင်တီးနားကို တတိယမြောက် ကမ္ဘာဖလား ရရှိအောင်လည်း ဦးဆောင်နိုင်ခဲ့ပါတယ်။
ယနေ့တွင် Sport ရဲ့ ဖော်ပြလာမှုအရ မက်ဆီဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ထိုစဉ်တုန်းက ဘာစီလိုနာကို ကိုင်တွယ်နေတဲ့ ကစားဖော်ဟောင်းဇာဗီးနှင့် အပြန်အလှန်စကားပြောရာမှ အသင်းဟောင်းသို့ ပြန်ရေး ဆန္ဒပြင်းပြလာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဇာဗီးကလည်း မက်ဆီ ပြန်လာပါက အသင်းရဲ့ အဆင့်အတန်းကို ပိုမိုမြင့်တင်နိုင်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။
လအတန်ကြာ ၎င်းတို့အကြား အပြန်အလှန် စကားပြောပြီးနောက်မှာတော့ အပြောင်းအရွှေ့ ဖြစ်မြောက်လာမယ်လို့ ယုံကြည်လာရပါတယ်။
ဇာဗီးဟာ မက်ဆီရဲ့ ဖခင်ဂျော့၊ ကလပ်ဥက္ကဌဂျိုအန်လာပေါ်တာတို့နှင့်လည်း စကားပြောခဲ့ပါတယ်။ လာပေါ်တာကလည်း မက်ဆီအား ပြန်လည်ခေါ်ဆောင်ရေးကို အားပေးထောက်ခံခဲ့ပါတယ်။ ဒါ့အပြင် ဘောလုံးဒါရိုက်တာမားသရူးအလီမန်နီကလည်း မက်ဆီအား ခေါ်ယူရေးကို ထောက်ခံခဲ့ပါတယ်။
အားလုံး ထင်မှတ်ထားသလို အဆင်ပြေချောမွေ့နေခဲ့ပြီး မက်ဆီဟာ ၂၀၂၃ ခုနှစ် နွေရာသီတွင် ဘာစီလိုနာသို့ ၂ နှစ်စာချုပ်ဖြင့် ပြောင်းရန်လည်း သဘောတူညီမှု ရခဲ့ပါတယ်။
ဒါပေမယ့် ဧပြီလမှာတော့ အခြေအနေအားလုံး ပြောင်းလဲသွားပါတော့တယ်။ လာလီဂါက ဘာစီလိုနာအား အသုံးစရိတ် ကန့်သတ်ထားမှုနှင့်အတူ မက်ဆီအား ခေါ်ယူခွင့် မပြုလာပါဘူး။
ဘာစီလိုနာဟာလည်း အခြေအနေကို နားလည်လိုက်ပြီး ဘဏ္ဍာရေးတောင့်တင်းလာရေး ကြိုးပမ်းကာ မက်ဆီကို ခေါ်ယူနိုင်ပါက ကစားသမားမှတ်ပုံတင်ရေး ကြိုးပမ်းခဲ့ပါတယ်။
တဖက်တွင် မက်ဆီဟာ ဘာစီလိုနာသို့ ပြောင်းရေး စောင့်ဆိုင်းနေရမှု၊ ဖြစ်လာရန် အာမခံချက် မရှိမှုနှင့်အတူ အသင်းဟောင်းသို့ ပြောင်းရေး အိပ်မက်ကို အဆုံးသတ်ပြီး အင်တာမိုင်ယာမီသို့ ပြောင်းရန် ဆုံးဖြတ်လိုက်ပါတယ်။
လီယွန်နယ်မက်ဆီဟာ မကြာသေးမီတုန်းက အင်တာမိုင်ယာမီနှင့် သုံးနှစ်စာချုပ်ချုပ်ဆိုလိုက်ပြီး ဖြစ်ပေမယ့်လည်း ဘာစီလိုနာသို့ ပြန်လာရေး မဖြစ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ မက်ဆီအနေဖြင့် မေဂျာလိဂ်ရာသီနားစဉ်အတွင်း ဘာစီလိုနာသို့ ကာလတို အငှားစာချုပ်ဖြင့် ပြောင်းကစားလာနိုင်ပါသေးတယ်။
ဒါပေမယ့် ဘာစီလိုနာဥက္ကဌလာပေါ်တာက မက်ဆီအား ပြန်လည်ခေါ်ယူရေးမှာ မဖြစ်နိုင်တော့ကြောင်း ဆိုထားပါတယ်။