ဒူးဒဏ်ရာကြောင့် နှစ်အကုန်အထိ ထပ်မံ နားရဦးမယ့် နေမာ
=====================
ဆန်းတို့စ်ဟာ နေမာမှာ ဒူးဒဏ်ရာကြောင့် နှစ်အကုန်အထိ အနားယူလာရတော့မှာ ဖြစ်လို့ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။
ဘရာဇီးစီးရီးအေတွင် တန်းမဆင်းရရေး တိုက်ပွဲဝင်နေရတဲ့ ဆန်းတို့စ်ဟာ ရာသီအဆုံးအဖြတ်ကာလတွင် နေမာကို လက်လွှတ်ဆုံးရှုံးလာရမှာလည်း ဖြစ်ပါတယ်။
အသက် ၃၃ နှစ်ရှိနေမာဟာ ကစားသမားဘဝစတင်ရာ ဆန်းတို့စ်သို့ ပြန်လည်ပြောင်းရွှေ့လာပြီးနောက် ဒဏ်ရာပြဿနာများနှင့် ဆက်တိုက် နပန်းလုံးလာခဲ့ရသူလည်း ဖြစ်ပါတယ်။
နေမာဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလတုန်းက ဘရာဇီးအတွက် ကစားစဉ် ဒူးအရွတ်ဒဏ်ရာရရှိကာ တစ်နှစ်ခွဲကြာ အနားယူခဲ့ရသူ ဖြစ်ပြီး ၇ ပွဲသာ ကစားနိုင်ခဲ့ပြီးနောက် စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။
ဆန်းတို့စ်ဟာ ဘရာဇီးစီးရီးအေသို့ ပြန်တက်လှမ်းလာပြီးနောက် နေမာကို ခေါ်ယူကာ ကလပ်ရဲ့ အဆင့်အတန်းကို မြှင့်တင်ရန် ရည်မှန်းထားခဲ့ပေမယ့်လည်း ထင်မှတ်ထားသလို မဖြစ်လာခဲ့ပါဘူး။
နေမာမှာ ဆန်းတို့စ်သို့ ရောက်လာပြီးနောက် ၂၅ ပွဲတည်းသာ ကစားထားနိုင်ပြီး ၇ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။ သူဟာ ဆန်းတို့စ်အတွက် ကစားပြီးနောက် ဒဏ်ရာကြောင့် ဆက်တိုက် အနားယူလာခဲ့ရတာလည်း ဖြစ်ပါတယ်။
သူဟာ ဆန်းတို့စ်တွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ရမှုနှင့်အတူ ဘရာဇီးလက်ရွေးစင်အသင်းတွင် ပြန်လည် ကစားခွင့် ရရှိရေး ကာလိုအန်ဆယ်လော့တီကို သက်သေပြရေး ခက်ခဲနေပါတယ်။
နေမာဟာ တနင်္လာနေ့တုန်းက အင်တာနေစီယွန်နယ်နှင့် တစ်ဂိုးစီသရေကျတဲ့ပွဲကို စတင်လွဲချော်လာပါတယ်။
ယခု GloboEsporte ရဲ့ ဖော်ပြလာမှုအရ နေမာဟာ ဘယ်ဖက်ဒူးဒဏ်ရာရရှိလာတာ ဖြစ်ပြီး နှစ်ကုန်အထိ အနားယူလာရမယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်ရှိ ကစားသမားဟာ နောက်ဆုံးကစားခဲ့တဲ့ မီရက်စ်ဆိုလ်နှင့်ပွဲတွင် နောက်ခံလူတစ်ဦးအား လိမ်ခေါက်ကျော်ဖြတ်ရန် ကြိုးပမ်းစဉ် ဒဏ်ရာရရှိသွားတာလည်း ဖြစ်ပါတယ်။
သူဟာ ယင်းပွဲကို ပွဲချိန်ပြည့်ကစားသွားနိုင်ခဲ့ပေမယ့်လည်း ပွဲအပြီး စစ်ဆေးချိန်မှာတော့ ပြင်းထန်နေကြောင်း တွေ့ရပါတယ်။
နေမာ မကစားနိုင်မှုနှင့်အတူ ဆန်းတို့စ်ဟာ ၂၀၂၅-၂၆ ရာသီလက်ကျန်ပွဲ ၃ ပွဲတွင် တန်းမဆင်းရရေးအတွက် အပြင်းအထန် တိုက်ပွဲဝင်လာရတော့မှာလည်း ဖြစ်ပါတယ်။