ရှုံးပွဲမရှိသေးတဲ့ ဘိုင်ယန်နှင့်ပွဲတွင် ဟယ်ရီကိန်းကို ထိန်းချုပ်ရန် စီစဉ်ထားကြောင်း အာဆင်နယ်နောက်ခံလူတမ်ဘား ဖွင့်ဟလာ
===================

ဂျူရီယန်တမ်ဘားက ယနေ့ည ဘိုင်ယန်မြူးနစ်နှင့် ရင်ဆိုင် ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်တဲ့ ဟယ်ရီကိန်းအား ထိန်းချုပ်နိုင်ရေး စီစဉ်ထားကြောင်း ပြောကြားသွားပါတယ်။
အာဆင်နယ်ဟာ ယခုရာသီ ချန်ပီယံလိဂ် ၄ ပွဲလုံး နိုင်ပွဲ ရရှိထားပြီး ၁၁ ဂိုးသွင်းထားနိုင်ကာ တစ်ဂိုးမျှ ပေးထားရခြင်း မရှိပါဘူး။ တဖက်တွင် ဘိုင်ယန်မြူးနစ်ကလည်း ၄ ပွဲလုံး အနိုင်ရရှိထားပြီး တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါ ၁၁ ပွဲတွင် ၁၀ ပွဲအနိုင်ရရှိထားပြီး ၄၁ ဂိုးအထိ သွင်းထားနိုင်ပါတယ်။ အာဆင်နယ်မှာလည်း ပရီးမီးယားလိဂ်တွင် ဒုတိယနေရာမှ ချဲလ်ဆီးကို ၆ မှတ်အထိ ဖြတ်ထားပါတယ်။
ယနေ့တွင် ချန်ပီယံလိဂ်တွင် အကောင်းဆုံးအသင်းနှစ်သင်း ထိပ်တိုက်တွေ့လာကြမှာ လည်း ဖြစ်ပါတယ်။
ယနေ့ညပွဲစဉ်တွင် ယခုရာသီ ပြိုင်ပွဲအရပ်ရပ်တွင် ၆ ဂိုးတည်းသာပေးထားရမှုကြောင့် ခံစစ်ကောင်းမွန်မှုအတွက် ချီးကျူးခံနေရတဲ့ အာဆင်နယ်ခံစစ်အတွက် အကြီးမားဆုံးစိန်ခေါ်မှုက အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကို ထိန်းချုပ်ရေး ဖြစ်ပါတယ်။
အသက် ၃၂ နှစ်ရှိ ဟယ်ရီကိန်းဟာ ယခုရာသီတွင် ကလပ်နှင့် နိုင်ငံအတွက် ၁၉ ပွဲကစားထားရာတွင် ၂၆ ဂိုးအထိ သွင်းထားနိုင်ပါတယ်။
တမ်ဘားက "လွယ်တော့ မလွယ်ကူလာပါဘူး။ သူက အံ့ဩစရာကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးပါ။ ဒါကို လူတိုင်း သိတယ်။ သူ့မှာ အရည်အသွေးတွေ အများကြီး ရှိတယ်။ သူက ဒါကို ကာလရှည်ကြာ လုပ်လာခဲ့တာပါ။ အခု ဘိုင်ယန်မြူးနစ်မှာ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦး ဖြစ်နေပါတယ်။ ဒီတော့ ကျွန်တော်တို့အတွက် အသင်းလိုက်အနေနဲ့ ကောင်းမွန်တဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်လာမှာပါ။ ခံစစ်သမားတစ်ဦးအနေနဲ့ သူ့ကို တားဆီးသွားမယ်။ ဟယ်ရီကိန်းလို တိုက်စစ်မှူးတစ်ဦးနဲ့ ရင်ဆိုင်ဖို့ အခွင့်အရေး ကြုံလာတဲ့အခါ သူက ပြောစရာ ဖြစ်လာပါတယ်။ သူက အန္တရာယ်အရှိဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လို့ ခံစစ်သမားတွေအနေနဲ့ သူနဲ့ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။ အခြားပွဲတွေမှာလည်း ကျွန်တော်တို့ဟာ ပြိုင်ဘက် ကစားသမားတွေနဲ့ပတ်သက်ပြီး သူတို့ ကစားပုံဘယ်လို ဆိုပြီး ဆွေးနွေးကြတယ်။ ဒီပွဲအတွက်လည်း ဒီအတိုင်းပါပဲ"လို့ ပြောကြားသွားပါတယ်။

image