အလက်ဇန္ဒားအီဆက်ခ်ထံမှ ပေါင် ၁.၂ သန်းတန်ဖိုးရှိ တန်ဖိုးရှိပစ္စည်းများ ခိုးယူသွားသူများ ၁ ပေါင်တည်းသာ ပြန်ပေးရန် ပြစ်ဒဏ်ချမှတ်ခြင်းခံရ
==================
အလက်ဇန္ဒားအီဆက်ခ်ထံမှ ပေါင် ၁.၂ သန်းတန်ဖိုးရှိ အဖိုးတန်ပစ္စည်းများကို ခိုးယူခဲ့ကြတဲ့ သူခိုးများဟာ ၁ ပေါင်တည်းသာ ပြန်ပေးရန် အမိန့်ချမှတ်ခြင်းခံလာရပါတယ်။
အသက် ၂၆ နှစ်ရှိ အီဆက်ခ်ဟာ ၂၀၂၄ ခုနှစ် ဧပြီလတုန်းက နော်သမ်ဘာလမ်းနေအိမ် ဖောက်ထွင်းခြင်းခံခဲ့ရတာပါ။
သူဟာ ထိုစဉ်တုန်းက နယူးကာဆယ်တွင် ကစားနေခဲ့တာ ဖြစ်ပြီး နေအိမ်သို့ ည ၁၀ နာရီတွင် ပြန်လည်ရောက်ရှိလာချိန်မှာ ဖောက်ထွင်းခံထားရကြောင်း သိရှိခဲ့တာလည်း ဖြစ်ပါတယ်။
Newcastle Crown Court တွင် ကြားနာမှုအရ အီဆက်ခ်နေအိမ်လုံခြုံရေးကင်မရာများမှ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းများအရ ဖောက်ထွင်းသမားများဟာ ယင်းဖောက်ထွင်းမှုတွင် လူ ၃ ဦးနှင့် ယာဉ်မောင်း အမျိုးသမီး ၁ ဦးတို့ ပါဝင်တာ တွေ့ရပါတယ်။
ဖောက်ထွင်းသမားများဟာ ဒါရက်စ်ဟေးလ်ရှိ အီဆက်ခ်ရဲ့ နေအိမ်မှ ပေါင် ၆၈၀၀၀ တန်ဖိုးရှိ လက်ဝတ်ရတနာများ၊ ငွေသား ပေါင် ၁၀၀၀၀ နှင့် ပေါင် ၁၂၀၀၀၀ တန်ဖိုးရှိ Audi RS6 ကားကို ရယူသွားခဲ့ကြပါတယ်။
ဖောက်ထွင်းမှုတွင် ပါဝင်ကြသူများမှာ ညီအစ်ကိုတွေ ဖြစ်ကြတဲ့ ဗလန်တီနိုနီကိုလော့ဗ်(၃၂ နှစ်)၊ ဂီယာကိုမိုနီကိုလော့ဗ်(၂၈ နှစ်)၊ အစ်မ ဂျီလာဂျာဗိုနိုဗစ်(၄၃ နှစ်)နှင့် သား ချာလီဂျိုဗာနိုဗစ်(၂၃ နှစ်)တို့ ပါဝင်ခဲ့ကြပါတယ်။
၎င်းတို့ဟာ ယင်းရက်သတ္တပတ်အတွင်းတွင်ပင် အရှေ့မြောက်ပိုင်းတွင် အခြားဖောက်ထွင်းမှုနှစ်ခုကိုလည်းကျူးလွန်ခဲ့ကြပါတယ်။
၎င်းတိုဟာ ပိုင်ရှင်များ မရှိချိန်တွင် ယင်းနေအိမ်မှ ပေါင် ၁ သန်း တန်ဖိုးရှိ အိတ်များ၊ အဝတ်အစားများ၊ လက်ဝတ်ရတနာများအပြင် CBE ဆုတံဆိပ်တို့ကို ရယူခဲကြပါတယ်။
ဒါ့အပြင် ၎င်းတိုဟာ အခြားနေအိမ်တစ်လုံးမှ ပေါင် ၁ သိန်းတန်ဖိုးရှိ ပစ္စည်းများ ခိုးယူခဲ့ကြပါတယ်။
ယင်းနောက် ၎င်းတို့ဟာ အီဆက်ခ်ကို နှစ်ရက်တိုင်တိုင် စောင့်ကြည့်ကာ သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်ကာ ပစ်မှတ်ထားခဲ့ကြပါတယ်။
၎င်းတို့ဟာ လက်အိတ်များ၊ မျက်နှာဖုံးများ၊ ခိုးယူထားတဲ့ ကားနံပါတ်ပြားတို့ကို အသုံးပြုကာ ဖောက်ထွင်းမှုများ ကျူးလွန်လာကြတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ၎င်းတိုဟာ အီဆက်ခ်ရဲ့ နေအိမ်ကို ဖောက်ထွင်းပြီး ၉ ရက်အကြာ ဧပြီလ ၁၃ ရက်အကြာတွင် ဘာမင်ဂမ်မှာ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ထောင်ဒဏ် ၆ နှစ်မှ ၁၀ နှစ်အတွင်း ချမှတ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် ၎င်းတို့ဟာ တနင်္လာနေ့မှာတော့ Proceeds of Crime Act အရ အမှုကို ပြန်လည်ကြားနာရန် ရုံးတက်ခဲ့ရပါတယ်။
အစိုးရရှေ့နေ ဒါနီရယ်ကော်ဒေးက ဖောက်ထွင်းဂိုဏ်းမှာ ဒုစရိုက်မှုများမှ ပေါင် ၁၂၆၆၂၇၅၉၃ ရရှိခဲ့ကြောင်း ဆိုသွားပါတယ်။
တရားသူကြီးက ချာလီဂျိုဗာနိုဗစ်အား ရဲတပ်ဖွဲ့က နေအိမ်စီးနင်းခံစဉ် ထိန်းသိမ်းနိုင်ခဲ့တဲ့ ပေါင် ၁၁၃၅၅၀ ကို ပြန်ပေးရန် အမိန့်ချမှတ်ခဲ့ပါတယ်။
တဖက်တွင် ကျန် ဖောက်ထွင်းသမား ၃ ဦးဆီမှ ပိုင်ဆိုင်မှုတစုံတရာ တွေ့ရှိခဲ့ခြင်း မရှိပါဘူး။
ဒါကြောင့်လည်း တရားသူကြီးက ကျန် မောင်နှမသုံးဦးအား ၁ ပေါင်တည်းသာ ပေးရန် အမိန့်ချမှတ်ခဲ့ပါတယ်။ တကယ်လို့ ယင်း ၁ ပေါင်အား မပေးနိုင်ပါကလည်း ထောင်ဒဏ် ၇ ရက်ကျခံရန်လည်း အမိန့်ချမှတ်ခဲ့ပါတယ်။