မြဝတီတွင်ရေဆင်းကူး၍ ပျောက်ဆုံးလေးဦးထဲမှ နှစ်ဦးရုပ်အလောင်းပြန်တွေ့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ရေဆင်းကူးရာမှ ပျောက်ဆုံးနေသည့်အမျိုးသားလေးဦးထဲမှနှစ်ဦး၏ရုပ်အလောင်းကို ယနေ့(နိုဝင်ဘာ ၂၅ ရက်) နံနက် ၉ နာရီတွင်ရှာဖွေတွေ့ရှိကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်ရုံး(ဗဟို)ထံမှသိရသည်။
“ဒီနေ့ကိုးရက်မြောက်နေ့ပေါ့။ ကျွန်တော်တို့ပြောတဲ့ ထင်နေတဲ့နေရာပေါ့။ ကျွန်တော်အရင်ခန့်မှန်းတဲ့ နေရာရဲ့ဝါးနှစ်ပြန်လောက်ရှိတဲ့နေရာမှာ သဲဖုံးသွားတာ။ သူတို့က သဲစုပ်စက်အောက်မှာနစ်မြုပ်နေတာဖြစ်မယ်။ မနက်ပိုင်းစက်နှိုးလိုက်တဲ့အချိန်မှာ သဲစုပ်တဲ့အချိန်ပေါ်လာတာ။ ပုပ်ပွလာတဲ့အခါ အခုနှစ်ယောက်တော့ပေါ်လာပြီ။ တွေ့တဲ့အလောင်းနှစ်လောင်းကလည်း တစ်လောင်းနဲ့ တစ်လောင်းနီးနီးနားနားမှာပဲ။ အလောင်းမှာနီမြန်းနေတာတွေကတော့ အောက်မှာသဲတိုက်စားထားတာတွေကြောင့် ဖြစ်မှာပေါ့။ ကျန်တဲ့နှစ်ယောက်ကိုလည်း အဲဒီနေရာမှာပဲ ပြန်လည်ရှာဖွေနေပါတယ်” ဟု အဆိုပါလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်ရုံးမှတာဝန်ရှိသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ရှာဖွေတွေ့ရှိသည့်ရုပ်အလောင်းများကို မြဝတီမြို့ရှိပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားပြီး ရုပ်အလောင်းများမှာ မည်သူမည်ဝါဖြစ်ကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ အတည်ပြုချက်မရရှိသေးသောကြောင့် အတိအကျမသိရသေးကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်ရုံး (ဗဟို) ထံမှသိရသည်။
ရေနစ်သေဆုံးခဲ့သူများမှာ အသက်(၃၀) ဝန်းကျင်ရှိအမျိုးသားလေးဦးသည် မြဝတီမြို့သို့လာရောက် အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီး ၎င်းတို့သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်တွင် မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ချောင်းဆုံတံတားအနီးရေဆင်းကူးပြီး အချင်းချင်းရေကူးပြိုင်ရာမှ တစ်ဦးရေနစ်ခဲ့ပြီး ကျန်သုံးဦးပါပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

image