ထိုင်းနိုင်ငံနှင့် နယ်နိမိတ်တိုင်းတာခြင်းအပါအဝင် မြစ်ချောင်းများအတွင်း သွားလာရေး၊ မြစ်ချောင်းရေအသုံးချခြင်းများအတွက် မြန်မာ-ထိုင်း ပူးတွဲနယ်နိမိတ်ကော်မတီဖွဲ့စည်း

ထိုင်းနိုင်ငံနှင့် နယ်နိမိတ်တိုင်းတာခြင်းအပါအဝင် မြစ်ချောင်းများအတွင်း သွားလာရေး၊ မြစ်ချောင်းရေအသုံးချခြင်းများအတွက် မြန်မာ-ထိုင်း ပူးတွဲနယ်နိမိတ်ကော်မတီဖွဲ့စည်းလိုက်သည်ဟု မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါကော်မတီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက ဥက္ကဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန နယ်နိမိတ်ဌာနကမှ ညွန်ကြားရေးမှူးက တာဝန်ယူမည်ဖြစ်သည်။
အဖွဲ့ဝင်များအဖြစ် ထိုင်းနိုင်ငံရှိ မြန်မာသံအမတ်၊ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ရေတပ်ပင်မတိုင်းတာရေးတပ်မှ တပ်မှူး၊ ပြည်ထဲရေးဝန်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် အပါအဝင် အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ-ထိုင်း ပူးတွဲနယ်နိမိတ်ကော်မတီမှာ မြန်မာ- ထိုင်းနယ်နိမိတ်တိုင်းတာသတ်မှတ်ရေး၊ မြစ်ချောင်းရေ အသုံးချရေး၊ မြစ်ချောင်းအတွင်း သွားလာရေးတို့နှင့် ပတ်သက်ပြီး နှစ်နိုင်ငံအခြေခံသဘောတူညီချက်များ ရရှိရေးအတွက် နည်းလမ်းရှာဖွေရေးကိစ္စတို့ကို တာဝန်ယူဆောင်ရွက်ရန်၊ ထိုင်းအစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ညှိနှိုင်းရရှိမှုကို အခြေပြု၍ နယ်နိမိတ်သတ်မှတ်ခြင်း၊ မြစ်ချောင်းရေအသုံးချခြင်း၊ မြစ်ချောင်းအတွင်း သွားလာခြင်းတို့နှင့် ပတ်သက်၍နှစ်နိုင်ငံအခြေခံသဘောတူညီချက်များရရှိရေးအတွက် နည်းလမ်းများရှာဖွေရာတွင် လိုက်နာရမည့်လုပ်ထုံးလုပ်နည်းများ ချမှတ်ရန်၊ နယ်နိမိတ်များ တိုင်းတာသတ်မှတ်ရေးနှင့် ပတ်သက်၍ နယ်နိမိတ်စာချုပ်များ ရေးဆွဲချုပ်ဆိုနိုင်သည်အထိ လုပ်ငန်းကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်ရန် အစရှိသည်တို့ ပါဝင်သည်။

image