ရေဘေးသင့်များကိုကူညီရန် လေယာဉ်တင်သင်္ဘော ထိုင်း စေလွှတ်မည်
--------------------

ရေဘေးသင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် လေယာဉ်တင်သင်္ဘော စေလွှတ်ပေးဖို့ ထိုင်း ရေတပ်က စီစဉ်နေတယ်လို့ The Nation Thailand သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းက ဒေသတချို့ဟာ နှစ်အတော်များများအတွင်း အဆိုးရွားဆုံး ရေဘေးသင့်နေပြီး နိုဝင်ဘာ ၂၅ ရက်အထိ အခြေအနေအရ သေဆုံးသူ ၁၃ ယောက်လောက် ရှိလာခဲ့ပါတယ်။
ကမ်းရိုးတန်း ဧရိယာတွေ အပါအဝင် မလေးရှားနဲ့ နယ်စပ်ထိစပ်ရာ ပြည်နယ် ၈ ခုလောက်မှာ ရေဘေးသင့်တဲ့ အခြေအနေတွေ ကြုံနေတာဖြစ်ပြီး တချို့နေရာတွေမှာ မိုးရေချိန် ၂ မီတာလောက်ထိ လွန်လွန်ကဲကဲ ရွာသွန်းခဲ့ ပါတယ်။ ရေဘေးသင့်ဒေသတွေအတွက် လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ၊ ဝန်ထမ်းတွေ ပါရှိမဲ့ လှေ ၁၂ စင်းပါ ရေယာဉ် အုပ်ကို စေလွှတ်ပေးမယ်လို့ ထိုင်းရေတပ်က နိုဝင်ဘာ ၂၅ ရက်မှာ ကြေညာခဲ့ပါတယ်။
ဒါ့အပြင် အဲဒီခရီးစဉ်မှာ ရေတပ်ရဲ့ တစ်စင်းတည်းသော လေယာဉ်တင်သင်္ဘော ချာကရီ နာရူဘတ်လည်း လိုက်ပါသွားမှာပါ။ အဲဒီ လေယာဉ်တင်သင်္ဘောပေါ်မှာ ရဟတ်ယာဉ်တွေ၊ ဆရာဝန်တွေအပြင် နေ့စဉ် လူပေါင်း ၃၀၀၀ ကျော်အတွက် အစားအစာ ချက်ပြုတ်ကျွေးမွေးနိုင်မဲ့ ရွေ့လျားမီးဖိုတွေကိုပါ တင်ဆောင်သွားမယ်လို့ သိရပါတယ်။

image