အရှေ့ဒဂုံမှာ တက္ကစီယာဉ်မောင်း နှစ်ယောက် ဓားထောက်လုယက်ခံရ

ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်မှာ မနေ့ နိုဝင်ဘာ ၂၅ ရက်နေ့၊ တရက်တည်းမှာပဲ တက္ကစီယာဉ်မောင်း နှစ်ယောက် ဓားထောက် လုယက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ အဲဒီယာဉ်မောင်းတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မနေ့ မွန်းလွဲ ၃ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ လုယက်ခံရမှုမှာ လက်ကိုင်ဖုန်းနဲ့ ပိုက်ဆံတွေသာ ပါသွားခဲ့တာ ဖြစ်ပေမယ့် ည ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ လုယက်မှု ဖြစ်စဉ်မှာတော့ လက်ကိုင်ဖုန်း၊ ပိုက်ဆံတွေအပြင် ကားနံပါတ် DD/8857၊ Probox အဖြူရောင်ကားပါ လုယက်ခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒုတိယဖြစ်စဉ်ကတော့ အရှေ့ဒဂုံ၊ ၁၃၃ ရပ်ကွက်က မြို့နယ်ရုံးရှေ့မှာ ဓားထောက်ပြီူ လုသွားတာတဲ့။ အဲဒါ အထက်က အမိန့်ပေးလို့ ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးပိုင်းက လိုက်ပြီးစုံစမ်းတာ။ အကြံတခုရတာနဲ့ တက္ကစီသမားတွေကို လှမ်းပြီး လူမှာကွန်ရက်ပေါ် တင်ပေးပါဆိုပြီး အကူအညီတောင်းတာ။ သူတို့က ကူညီကြလို့ ကျူးလွန်သူကို မိသွားတာ” လို့ ရပ်ကွက် အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူက ပြောပါတယ်။
ကားအလုခံရတဲ့ ဖြစ်စဥ်အတွက် Kilo Taxi ယာဥ်မောင်းတွေဟာ မြို့နယ်အစုံ ချိတ်ဆက်ပြီး ကားကို ဝိုင်းရှာကြတာမှာ အလုခံရတဲ့ကားကို လှိုင်မြို့နယ်ထဲမှာ တွေ့ရှိခဲ့တဲ့အတွက် လှိုင်မြို့နယ်ရဲစခန်းကို သတင်းပို့ကာ လုယက်သူကို ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်ခဲ့ကြတာကြောင့် ညတွင်းချင်းပဲ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
“အင်းစိန်ဘက်မှာလည်း တက္ကစီသမားတွေက တယောက်နဲ့တယောက် ချိတ်ဆက်ပြီး လူမှုကွန်ရက်ပေါ် တင်လိုက်တော့ ဝိုင်းဖမ်းကြတာပေါ့။ သူက အဲဒီမှာ ထမင်းကြော် ဆင်းစားနေတာ။ တက္ကစီတွေ့တော့ ဓာတ်ပုံရိုက်ပြီး ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်တယ်လို့ သိရပါတယ်” လို့ သူက ပြောပါတယ်။
အဲဒီ ကားလုယက်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ လက်ရှိမှာ လှိုင်နယ်မြေ ရဲစခန်းက ကျူးလွန်သူကို အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်နေပြီး အခြေအနေ အသေးစိတ်ကို မသိရှိရသေးဘူးလို့ တက္ကစီယာဉ်မောင်း တယောက်က ပြောပါတယ်။
“ဒုတိယ case က ကားဆရာက ကျွန်တော်တို့ Kilo Taxi ယာဥ်မောင်းမဟုတ်ဘဲ လက်တား တက္ကစီ မောင်းတဲ့သူမို့ အခြေအနေကို မသိရ‌သေးတာပါ” လို့ သူက ပြောပါတယ်။
မွန်းလွဲ ၃ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ ပထမလုယက်မှု ဖြစ်စဉ်ကတော့ လက်ရှိ အချိန်အထိ ယာဉ်မောင်းဘက်က အမှုဖွင့် တိုင်ကြားထားတာမျိုး မရှိသေးဘူးလို့ သူက ပြောပါတယ်။
“ဖုန်းနဲ့ ပိုက်ဆံအိတ် ဓားထောက် အလုခံရတဲ့ အလားတူ အမှုမျိုးတွေကတော့ ကျွန်တော်တို့ တက္ကစီသမား လောကမှာ တော်တော်များတယ်။ ယာဥ်မောင်းတွေကလည်း အလုပ်ရှုပ် မခံချင်တာရယ်၊ သက်ဆိုင်ရာကို တိုင်ပြန်ရင်လည်း ဒီလိုအမှုမျိုးက မပေါ်တာက များတာမို့ မတိုင်ကြတော့တာနဲ့ ခိုးဆိုးလုနှိုက်တွေက ပိုအတင့်ရဲလာကြတော့တာပါပဲ” လို့ သူက ပြောပါတယ်။
အဲဒီလို လုယက်မှုတွေဟာ လှိုင်သာယာ မြို့နယ်ဘက်မှာဆို တလကို ပျမ်းမျှ ဆယ်မှုလောက် ဖြစ်ပွားနေပြီး တခြား ဆင်ခြေဖုံး မြို့နယ်တွေ ဆိုရင်လည်း အခုနောက်ပိုင်းမှာ တက္ကစီ ယာဥ်မောင်းတွေကို ပစ်မှတ်ထားကာ ခရီးသည်ယောင်ဆောင် လုယက်တဲ့ ဖြစ်စဥ်မျိုးတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်ဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်လလောက်က လှိုင်သာယာ မီးသတ်အဝိုင်းနားမှာ ဖုန်းနဲ့ ပိုက်ဆံ အလုခံရဖူးပါတယ်။ ရွှေပြည်သာ တံတားအဆင်း ငွေပင်လယ် စက်မှုဇုန်ရှေ့ကနေ ရွှေလင်ဗန်း ငါးမန်းတံတားနားကို ကားငှားတာ ၁၈၊ ၁၉ အရွယ် လူငယ်သုံးယောက်၊ ရုပ်ရည်လေးတွေက သနားကမား၊ ဖြူဖြူသန့်သန့်လေးတွေမို့ ကျွန်တော်ကလည်း တော်ဝင်နှင်းဆီ အိမ်ရာကို ပြန်ရမှာဆိုတော့ လမ်းကြောသင့်လို့ တင်မိရာကနေ မီးသတ်အဝိုင်းနား ရောက်ရော ဓားထောက်ပြီး အလုခံရတော့တာပါပဲ” လို့ သူက ပြောပါတယ်။
အခုလို တက္ကစီယာဉ်မောင်းတွေ လုယက်ခံရတဲ့ ဖြစ်စဉ်တွေဟာ ရန်ကုန်မြို့မှာ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး တချို့ လုယက်သူတွေကတော့ ယာဉ်မောင်းတွေရဲ့ အသက်ကို ရန်ရှာတဲ့အထိ ပြစ်မှု ကျူးလွန်နေကြတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့လည်း သူက “ဥစ္စာကို ကံစောင့်၊ အသက်ကို ဉာဏ်စောင့် ဆိုတဲ့ စကားအတိုင်းပေါ့။ လက်တား လိုက်တော့မယ်ဆို ခရီးသည် အရိပ်အခြေကို အရင်ဆုံး လေ့လာ (အခုလိုခေတ်ကြီးထဲမှာ ဘယ်ဒုစရိုက်သမားကမှ နဖူးမှာ စာမကပ်ထားတော့လေ)။ အခြေအနေ မဟန်ဘူးဆို မဖြစ်နိုင်တဲ့စျေး တောင်းကြည့်၊ တောင်းတဲ့စျေး ပေးတယ်ဆိုတာနဲ့ သေချာပြီ ၇၅ ရာခိုင်နှုန်းက ကိုယ့်ကို ဒုက္ခပေးတော့မယ် ဆိုတာပါပဲ။ ဘဝတူ ယာဥ်မောင်းတွေကို မှာချင်တာက လောဘနောက် မလိုက်ကြပါနဲ့၊ စျေးရတယ်ဆိုတိုင်းလည်း မလိုက်ကြပါနဲ့။ ကိုယ်သွားမယ့် ခရီးလမ်းကြောင်း အခြေအနေကို အရင်ကြည့်ပါ။ ခရီးသည်ရဲ့ ပုံစံကိုလည်း မပြတ် အကဲခတ်ပါ။ ဘာမှ မဖြစ်ရင်တော့ ကောင်းပေမယ့် ဖြစ်သွားခဲ့ရင်တော့ ကိုယ်ပင်ပင်ပန်းပန်း ရှာထားတဲ့ ပိုက်ဆံတွေ၊ ဖုန်းတွေ ပါသွားခဲ့ရင် ပြန်ရနိုင်ခြေက ၅ ရာခိုင်နှုန်းထက် မပိုပါဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ကလည်း သန်လျင်မြို့ရဲ့ ခြောက်လမ်းသွား လမ်းမမှာ တက္ကစီယာဉ်မောင်း တယောက် ကားလုယက်ခံရပြီး အသတ်ခံရမှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့ကလည်း အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းပေါ်မှာ တက္ကစီ ယာဉ်မောင်းဖြစ်သူကို ချွန်ထက်တဲ့အရာနဲ့ တိုက်ခိုက်ပြီး ကား၊ ဖုန်းနဲ့ ငွေကြေး စတာတွေ လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။
ဒါအပြင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း တာမွေမြို့နယ်၊ ယုဇနပလာဇာရှေ့မှာ တက္ကစီယာဉ်မောင်းကို ဓားနဲ့ထိုးကာ ကားလုယက် ယူဆောင်ပြီးနောက် ရပ်ထားတဲ့ ကား ၁၀ စီးကို ဝင်တိုက်မှု ဖြစ်ပွားခဲ့သလို ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း ဒေါပုံမြို့နယ်မှာ နေထိုင်တဲ့ အငှားယာဉ်မောင်း တယောက် အသတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

image