ဘက်ပေးနှင့်ဟာလန်းတို့ရဲ့ ချန်ပီယံလိဂ်မှတ်တမ်းကို လိုက်မီသွားခဲ့တဲ့ ချဲလ်ဆီးစတားအက်စ်တီဗာအို
===============
ချဲလ်ဆီးစတားအက်စ်တီဗာအိုဝီလီယမ်ဟာ အင်္ဂါနေ့ညတုန်းက ဘာစီလိုနာအား အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ကိုင်လီယန်ဘက်ပေးနှင့် အာလင်းဟာလန်းတို့ရဲ့ ခြေရာကို နင်းနိုင်ခဲ့ပါတယ်။
ဘရာဇီးပါရမီရှင်ကစားသမားဟာ မနေ့ညကပွဲတွင် ချဲလ်ဆီးရဲ့ ဒုတိယဂိုးကို သွင်းယူပြီး လာမိန်းယာမဲလ်ထက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
သူဟာ ခွန်ဒီရဲ့ OG ဂိုးကြောင့် ၁-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ချိန်တွင် ဘာစီလိုနာပင်နယ်တီဧရိယာထဲသို့ ထိုးဖောက်ဝင်ရောက်ပြီးနောက် ထောင့်ကျဉ်းထဲသို့ အပြင်းကန်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ဒီဂိုးကြောင့် အက်စ်တီဗာအိုဟာ ချန်ပီယံလိဂ် ပထမဆုံးပွဲထွက်ကစားခွင့် ရတဲ့ ၃ ပွဲလုံး ဂိုးသွင်းနိုင်တဲ့ တတိယမြောက် ကစားသမားအဖြစ် သမိုင်းမှတ်တမ်းဝင်လာပါတယ်။
သူဟာ ကိုင်လီယန်ဘက်ပေး၊ အာလင်းဟာလန်းတို့ ပြီးနောက် ပထမဆုံးချန်ပီယံလိဂ်ပွဲ ၃ ပွဲ ပွဲထွက်ကစားရမှာ ၃ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ တတိယမြောက် ဆယ်ကျော်သက် ကစားသမား ဖြစ်လာပါတယ်။
ပွဲအပြီးတွင် စိတ်အရမ်းလှုပ်ရှားနေတဲ့ အက်စ်တီဗာအိုက "အခုအချိန်မှာ ဘယ်လို ခံစားနေရလဲဆိုတာ ဘယ်လို ပြောရမယ်မှန်းတောင် မသိပါဘူး။ ပြီးပြည့်စုံတဲ့ညပါ။ အရာအားလုံးအတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်။ ဖြစ်ပျက်ခဲ့တာတွေ အရမ်းမြန်တယ်။ သိလိုက်ရတဲ့အချိန်မှာ ဖြစ်ပြီးသွားပြီ။ နေရာလွတ်တချို့ တွေ့တယ်၊ တိုးဝင်တယ်၊ ဂိုးသွင်းလိုက်တယ်။ ကျွန်တော့်ကစားသမားဘဝအတွက် စပါယ်ရှယ်အခိုက်အတန့်ပါ။ နောက်ထပ်ဂိုးတွေ အများကြီး သွင်းနိုင်ဖို့ မျှော်လင့်ပါတယ်"လို့ ပြောကြားသွားပါတယ်။