အီသီယိုးပီးယားမှာ မီးတောင်ပေါက်ကွဲမှု ဒေလီအထိ မီးတောင်ပြာတွေရောက်လာလို့ လေကြောင်းလိုင်းတွေ သတိပေးချက်ထုတ်
အီသီယိုးပီးယားမှ မီးတောင်ပြာတွေဟာ အိုမန်နဲ့ ယီမင်မှတဆင့် ပင်လယ်နီကိုဖြတ်ပြီး အိန္ဒိယနိုင်ငံ ဒေလီကို ရောက်ရှိလာတယ်လို့ အိန္ဒိယမိုးလေဝသဌာနက ပြောပါတယ်။
အီသီယိုးပီးယားနိုင်ငံရှိ Hayli Gubbi မီးတောင်ပေါက်ကွဲမှုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့နံနက်က စတင်ခဲ့ပြီး မီးတောင်ပြာတွေကို ပေထောင်ပေါင်းများစွာအထိ လေထုထဲကို ထုတ်လွှတ်ခဲ့ပါတယ်။
မီးတောင်ပြာတွေကြောင့် အိန္ဒိယမှာ လေယာဉ်ခရီးစဉ်များစွာကို ဖျက်သိမ်းခြင်း၊ နှောင့်နှေးခြင်း သို့မဟုတ် လမ်းကြောင်းပြောင်းလဲခြင်းတွေ ပြုလုပ်ခဲ့ပြီး အိန္ဒိယလေကြောင်းထိန်းသိမ်းရေးအဖွဲ့က လေကြောင်းလိုင်းတွေအနေနဲ့ မီးတောင်ပြာတွေရှိတဲ့နေရာတွေကို ရှောင်ဖို့ ညွှန်ကြားထားပါတယ်။
မီးတောင်ပြာညစ်ညမ်းမှုအဆင့်ကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း ကျွမ်းကျင်သူတွေက ပြောကြားထားပေမယ့် အလွန်ညံ့ဖျင်းတဲ့ ဒေလီရဲ့ လေထုအရည်အသွေးကို ထိခိုက်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။
မီးတောင်ပြာတွေဟာ ပေါက်ကွဲမှုတခုအတွင်း လေထုထဲမှာ သေးငယ်ပြီး ပွတ်တိုက်နိုင်တဲ့ အမှုန်အမွှားတွေစုထားတဲ့ တိမ်တိုက်တခုဖြစ်စေပါတယ်။ ဒါဟာ လေယာဉ်အင်ဂျင်တွေကို ပျက်စီးစေနိုင်ပြီး လေယာဉ်ကွင်းတွေကိုလည်း ညစ်ညမ်းစေပြီး မြင်နိုင်စွမ်းကို လျော့ကျစေတာကြောင့် လေယာဉ်ပျံသန်းမှုတွေအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
လက်ရှိမီးတောင်ပြာတွေရဲ့ အမြင့်ပေက ပင်လယ်ရေမျက်နှာပြင်အထက် ၈ ဒဿမ ၅ ကီလိုမီတာ ကနေ ၁၅ ကီလိုမီတာကြားမှာ ရှိပါတယ် လို့ အိန္ဒိယမိုးလေဝသဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
"ဒါက ဂြိုဟ်တုလုပ်ဆောင်ချက်တွေနဲ့ ပျံသန်းမှုလုပ်ဆောင်ချက်တွေကို ယာယီထိခိုက်စေမှာပါ။ ဒါပေမယ့် ရာသီဥတုအခြေအနေ ဒါမှမဟုတ် လေထုအရည်အသွေးကို ထိခိုက်ဖို့ မဖြစ်နိုင်ပါဘူး။ မနေ့ညက အိန္ဒိယမြောက်ပိုင်းကို ရောက်ရှိခဲ့ပြီး တရုတ်ကို ဦးတည်နေပုံရပါတယ်" လို့ မစ္စတာ မိုဟာပါထရာက ပြောပါတယ်။