ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကျောင်းသားများကို ဆေးတက္ကသိုလ်ဝင်ခွင့်ခေါ်ယူ
---------------------
သွားလာရေးနဲ့ လူမှုရေးခက်ခဲတဲ့ဒေသတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုတို့ကနေ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ် ဝင်စာမေးပွဲအောင်မြင်ခဲ့ကြတဲ့ ကျောင်းသား/ကျောင်းသူတွေကို ဆေးတက္ကသိုလ် ဝင်ခွင့်လျှောက်လွှာခေါ်ယူ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ(၂၆)ရက်ထုတ် နိုင်ငံပိုင်သတင်းတွေကနေ အသိပေးကြေညာချက် ထုတ်ပြန်ပါတယ်။
၂၀၂၅ ပညာသင်နှစ် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ် တွေအတွက် နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ ဒေသစရိတ်ခံစားခွင့်ရှိတဲ့ သွားလာရေးနဲ့ လူမှုရေးခက်ခဲတဲ့ ဒေသ တွေနဲ့ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ အစရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုကနေ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး အခြေခံပညာသင်တန်း(GRADE-10, GRADE-11, GRADE-12)တွေကို ဆက်တိုက်ပညာသင်ကြားခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာခေါ်ယူတာ ဖြစ်ပါတယ်။
ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံသူတွေ လျှောက်ထားနိုင်ပြီး လျှောက်လွှာတွေကို လာမဲ့ ဒီဇင်ဘာ(၁၈)ရက် နောက်ဆုံးထားကာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနကို တိုက်ရိုက် ပေးပို့ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ အသေးစိတ်အချက်အလက်တွေကို ကျန်းမာရေးဝန်ကြီးဌာန Website နဲ့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန Website တို့မှာ ဝင်ရောက် ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။