အက်စ်တီဗာအိုကို မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ မနှိုင်းယှဉ်သင့်ဘူးလို့ မာရက်စကာ ပြောကြား
ချယ်လ်ဆီးအသင်းရဲ့နည်းပြ မာရက်စကာက ဘရာဇီးလ်တိုက်စစ်ကစားသမား အက်စ်တီဗာအိုကို မက်ဆီ၊ စီရော်နယ်လ်ဒိုနဲ့ မနှိုင်းယှဉ်သင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။
အက်စ်တီဗာအိုဟာ ချယ်လ်ဆီးက ဘာစီလိုနာအသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးတစ်ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့တာကြောင့် ချီးကျူးမှုများစွာနဲ့ ရင်ဆိုင်နေရပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ နှိုင်းယှဉ်ချီးကျူးမှုတွေလည်း ရှိနေပါတယ်။
အက်စ်တီဗာအိုဟာ ပထမဆုံးပွဲထွက်ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်(၃)ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တတိယမြောက်ဆယ်ကျော်သက်ကစားသမားအဖြစ် (ဘာပေနဲ့ ဟာလန်းတို့ရဲ့နောက်) မှတ်တမ်းဝင်ခဲ့သလို၊ ဒုတိယအသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဘာစီလိုနာနဲ့ပွဲမှာ စပိန်ကြယ်ပွင့် ယမားလ်နဲ့ အားပြိုင်ခဲ့ရပြီး ခြေစွမ်းပိုပြနိုင်ခဲ့တာကြောင့် အက်စ်တီဗာအိုက ယမားလ်ကို အနိုင်ယူခဲ့ပြီဆိုတဲ့ ညွှန်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
''အက်စ်တီဗာအိုအနေနဲ့ သက်သောင့်သက်သာရှိဖို့ လိုပါတယ်။ ပျော်ရွှင်ဖို့၊ လေ့ကျင့်ဖို့လည်း လိုအပ်ပါတယ်။ သူနဲ့ လာမင်း(ယမားလ်)က အရမ်းငယ်ပါသေးတယ်။ သူတို့ကို မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ နှိုင်းယှဉ်ပြောကြားမယ်ဆိုရင် သူတို့အတွက် အရမ်းဖိအားများမယ်လို့ ထင်ပါတယ်'' လို့ မာရက်စကာက ပြောကြားခဲ့ပါတယ်။
အက်စ်တီဗာအိုကတော့ သူ့အတွက် ပြီးပြည့်စုံတဲ့ည ဖြစ်ခဲ့ကြောင်းနဲ့ ဂိုးသွင်းပြီး ပရိသတ်တွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့တဲ့အတွက် အရမ်းပျော်ရွှင်တယ်လို့ ပြောကြားခဲ့ပါတယ်။