အနီကတ်ပြသခြင်းခံရပေမယ့်လည်း ဖီဖာရဲ့ မျက်နှာသာပေးမှုကြောင့် ကမ္ဘာ့ဖလားအဖွင့်ပွဲတွင် ပါဝင်ကစားလာနိုင်မယ့် ခရစ္စတီယာနိုရော်နယ်ဒို
===================
ခရစ္စတီယာနိုရော်နယ်ဒိုဟာ အိုင်ယာလန်နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အနီကတ်ပြသခြင်းခံခဲ့ရကာ ၃ ပွဲပယ်ခံခဲ့ရပေမယ့်လည်း လာမယ့်နှစ် နွေရာသီ ကမ္ဘာ့ဖလားအဖွင့်ပွဲတွင် ပါဝင်ကစားလာနိုင်တော့မှာ ဖြစ်ပါတယ်။
အသက် ၄၀ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယခုလအစောပိုင်းတုန်းက အိုင်ယာလန်အား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် ဒါရာအိုရှီးယားကို တံတောင်ဖြင့် တွက်ခဲ့မှုအတွက် အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ရန်လိုတဲ့ အပြုအမူဖြင့် ပြုမှုအတွက် ပုံမှန်အားဖြင့် ၃ ပွဲခံရပါတယ်။ ဒါပေမယ့်လည်း ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ဒုတိယပွဲနှင့် တတိယပွဲပယ်တို့အား တစ်နှစ် ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ချမှတ်ခြင်းခံလာရပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၂၂၆ ပွဲကစားထားရာတွင် ပထမဆုံးအကြိမ် အနီကတ်ပြသခြင်းခံရမှုနှင့်အတူ ၁ ပွဲပယ်ပြစ်ဒဏ်သာ ချမှတ်ခံလာရတာ ဖြစ်ပြီး ကျန် ၂ ပွဲကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ကျခံလာရတာလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ နိုဝင်ဘာလ ၁၆ ရက်နေ့တုန်းက အာမေးနီးယားနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲအား လွဲချော်ခဲ့ပြီး ဖြစ်ရာ ၁ ပွဲပယ်ပြစ်ဒဏ်ကျခံထားပြီး ဖြစ်ပါတယ်။
ဒါကြောင့်လည်း ခရစ္စတီယာနိုရော်နယ်ဒိုဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားတွင် တစ်ပွဲမျှ လွဲချော်လာတော့မှာ မဟုတ်ပါဘူး။
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်း ကမ္ဘာ့ဖလား ၇ ကြိမ်ဆက် ခြေစစ်ပွဲအောင်မြင်အောင် ၅ ဂိုးသွင်းကာ ကူညီပေးခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်း ၄၈ သင်းတို့ဟာ လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့ ကမ္ဘာ့ဖလားအုပ်စုမဲခွဲပွဲတွင် ဘယ်အုပ်စုတွင် ဘယ်ပြိုင်ဘက်နှင့် တွေ့ဆုံမယ်ဆိုတာ သိရပါမယ်။