မန်စီးတီးအတွက် ချန်ပီယံလိဂ်ရာပြည့်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ကစားသမား ၁၀ ဦးအပြောင်းအလဲလုပ်မှုမှာ အလွန်အမင်းများပြားသွားမှု ဖြစ်နိုင်ကြောင်း ဂွါဒီယိုလာဝန်ခံလာ
=====================
ပက်ဂွါဒီယိုလာဟာ အင်္ဂါနေ့ညတုန်းက လေဗာကူဆင်နှင့် ချန်ပီယံလိဂ်ပွဲမှာ မန်စီးတီးအတွက် ချန်ပီယံလိဂ် ၁၀၀ ပြည့်ပွဲအဖြစ်အောင်ပွဲခံခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးချိန်မှာ တကယ်တမ်း ကခုန်ပျော်ရွှင်နေခဲ့ကြတာကတော့ လေဗာကူဆင်နှင့် သူတို့ရဲ့ ပရိသတ်တွေ ဖြစ်နေပါတယ်။
အင်္ဂလန်သို့ နောက်ကျပြီးမှ ရောက်လာခဲ့တဲ့ လေဗာကူဆင်ဟာ အီတီဟတ်မှာ ခက်ခဲတဲ့ ပွဲတစ်ပွဲ ကြုံလာမယ်လို့ ယူဆထားခဲ့ပေမယ့်လည်း အမှတ်ရစရာကောင်းတဲ့ ၂-၀ ဂိုးဖြင့် နိုင်ပွဲ ကြုံလာခဲ့ပါတယ်။
တနင်္လာနေ့တုန်းက သတင်းစာရှင်းလင်းပွဲတွင် စပိန်လူမျိုးနည်းပြက ကလပ်နှင့်အတူ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကောင်းမွန်တဲ့ အခိုက်အတန့်များထက် စိတ်ပျက်စရာအခိုက်အတန့် ပိုကြုံခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။ အခု ဂွါဒီယိုလာဟာ နောက်ထပ် မမေ့နိုင်စရာ အခိုက်အတန့်တစ်ခု ထပ်ကြုံလာပြန်ပါတယ်။
လေဗာကူဆင်ကို ရှုံးနိမ့်ခဲ့ရတဲ့ အဓိကအကြောင်းရင်းကတော့ စနေနေ့တုန်းက နယူးကာဆယ်ရှုံးပွဲမှ လူစာရင်းကို ၁၀ ဦးအထိ အပြောင်းအလဲ ပြုလုပ်ပြီး ပွဲထွက်စေပြီး အရဲစွန့်တဲ့ အခင်းအကျင်းနဲ့ ပွဲထွက်လာလို့ ဖြစ်ပါတယ်။
ပွဲအပြီးတွင် ဂွါဒီယိုလာက "ဒါကို လက်ခံပါတယ်(လူစာရင်းအပြောင်းအလဲအများအပြားလုပ်မှုအတွက် ဝေဖန်မှု)။ တကယ်လို့ ကျုပ်တို့သာ နိုင်သွားရင် ဘာပြဿနာမှရှိလာမှာ မဟုတ်ဘူး။ ဒီတော့ အလွန်များလွန်းနိုင်တယ်ဆိုတော့ ဝေဖန်တာကို လက်ခံပါတယ်"လို့ ပြောကြားသွားပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက "ရာသီက ရှည်လျားလွန်းတယ်၊ ဒီတော့ အားလုံး ပါဝင်ဖို့ လိုအပ်နေတယ်။ ဒါပေမယ့် အရမ်းများသွားတာလည်း ဖြစ်နိုင်တယ်။ သူတို့ဟာ လုပ်ရမယ့်အရာကို မလုပ်ဘဲ အမှားတွေ လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ တွေးထားတဲ့ ခြေစွမ်းမျိုး မဟုတ်ပါဘူး။ ဒီအတွက် အပြည့်အဝ တာဝန်ယူပါတယ်။ ကျွန်တော်တို့ တခုခု လိုအပ်နေခဲ့တယ်။ အခွင့်အရေးကြီးတွေကို ဖြုန်းတီးပစ်ခဲ့တယ်။ အခု နောက်ပွဲအတွက် တိုက်ပွဲဝင်ဖို့ လိုနေတယ်"လို့ ပြောကြားသွားပါတယ်။
လေဗာကူဆင်ဟာ တနင်္လာနေ့တုန်းက ဂျာမန်တွင် ခရီးသွားအိတ် ပြဿနာတက်ခဲ့ပြီးနောက် လေယာဉ်ထွက်ခွာရေး နှောင့်နှေးခဲ့ရကာ အင်္ဂလန်သို့ နောက်ကျပြီးမှ ရောက်လာခဲ့တာပါ။
လေဗာကူဆင်ဟာ အဓိကကစားသမားများဖြစ်ကြတဲ့ အက်မွန်တစ်ဆိုဒါ၊ ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်းလူးကပ်စ်ဗက်ဇ်ကွက်ဇ်၊ အာဂျင်တီးနားကစားသမားများဖြစ်ကြတဲ့ အက်စီကွီလ်ပလာစီယို၊ အီကွီဖာနန်ဒက်ဇ်တို့ မပါဝင်နိုင်မှုနှင့်အတူ ယူ-၁၉ အသင်းမှ ကစားသမား ၆ ဦးအထိ လူစာရင်းထဲတွင် ထည့်သွင်းခဲ့ရတာပါ။