ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် နောက်ဆုံးသဘောတူညီချက်မှန်သမျှသည် ယူကရိန်း၏အချုပ်အခြာကို အပြည့်အဝထိန်းသိမ်းထားရမည်ဟု အမေရိကန်နှင့် ယူကရိန်းတို့ ပူးတွဲထုတ်ပြန်
အမေရိကန်၊ ယူကရိန်း၊ ဥရောပတာဝန်ရှိသူများ ဂျီနီဗာ၌ အပြုသဘောဆောင်သော ဆွေးနွေးပွဲအပြီးတွင် ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် နောက်ဆုံးသဘော တူညီချက်မှန်သမျှသည် ယူကရိန်း၏အချုပ် အခြာအာဏာကို အပြည့်အဝထိန်းသိမ်းထားရမည်ဟု အမေရိကန်နှင့် ယူကရိန်းတို့က နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားဘက်ကို မျက်နှာလိုက်ထားသည်ဟု ဝေဖန်ခံရသော အမေရိကန်အဆိုပြုချက်ကို အခြေခံသော တစ်ရက်ကြာအစည်းအဝေးအပြီးတွင် စေ့စပ်ဆွေးနွေးသူများက နောက်ဆုံးအခြေအနေနှင့်ဆီလျော်အောင်လုပ် ဆောင်ထားသည့် မွမ်းမံထားသော ငြိမ်းချမ်းရေးမူဘောင်ကို ရေးဆွဲခဲ့ကြသည်ဟု အမေရိကန်-ယူကရိန်းပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
လေးနှစ်နီးပါးရှိလာပြီဖြစ်သော ရုရှား-ယူကရိန်းအဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတက ၎င်းထောက်ခံထားသော ငြိမ်းချမ်းရေးအစီအမံကို နိုဝင်ဘာ ၂၇ ရက်နေ့ နောက်ဆုံးထားအတည်ပြုရန် ယူကရိန်းကို ပြောကြားထားသည်။
သို့သော်လည်း ရုရှား၏သဘောထားတင်းမာသော တောင်းဆိုချက်တစ်လှေကြီးကို လက်ခံထားသည့် အဆိုပါ ငြိမ်းချမ်းရေးသဘောတူညီချက်မူကြမ်းကို ယူကရိန်းကအပြောင်းအလဲများ လုပ်ရန်ကြိုးပမ်းနေသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့် ထောက်ခံခဲ့သည့် အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေး အစီအမံအရ ယူကရိန်းက ၎င်း၏အရှေ့ပိုင်းနယ်မြေများကို ရုရှားသို့ပေးရလိမ့်မည်ဖြစ်ပြီး ယူကရိန်းစစ်တပ်၏စစ်သည်အင် အားကိုလည်း လျှော့ချမည့်အနေအထားဖြစ်သည်။ ယူကရိန်းသည် နေတိုးအဖွဲ့ထဲသို့ ဘယ်တော့မျှမဝင်ရန် ကတိပေးရလိမ့်မည်ဖြစ်ပြီး ယူကရိန်းတောင်းဆိုထားသည့် အနောက်အုပ်စု ငြိမ်းချမ်းရေးထိန်းသိမ်းမှုစစ်သားများကို ခေါ်ယူခြင်းမပြုရဟုလည်းဖော်ပြထားသည်။