ဘရာဇီးသမ္မတဟောင်း ဘော်ဆိုနာရိုကို ဆက်လက်ချုပ်နှောင်ထားရန် တရားရုံးချုပ် ဆုံးဖြတ်
ဘရာဇီးနိုင်ငံတရားရုံးချုပ်၏ တရားသူကြီးလေးဦးအဖွဲ့က သမ္မတဟောင်းဘော်ဆိုနာရိုကို ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားရန် နိုဝင်ဘာ ၂၄ ရက်တွင် တညီတညွတ်တည်း မဲခွဲဆုံးဖြတ်လိုက်သည်။
နေအိမ်အကျယ်ချုပ်ကျနေသည့် ဘော်ဆိုနာရိုသည် ပြီးခဲ့သည့်ရက်ပိုင်းက ၎င်း၏ခြေချင်းဝတ်ရှိ အီလက်ထရောနစ်စောင့်ကြည့်ကိရိယာကို ဂဟေဆော်တံဖြင့် ချိုးဖျက်ပြီး ထွက်ပြေးရန်ကြံစည်ထားမှုဖြင့် နိုဝင်ဘာ ၂၂ ရက်တွင် ၎င်းကိုလာရောက်ဖမ်းခေါ်သွားခြင်းဖြစ်သည်။
နိုဝင်ဘာ ၂၃ ရက်က မြို့တော်ဘရာစီးလီးယား၌ ပြုလုပ်သည့်ကြားနာပွဲတွင် သမ္မတဟောင်းက ၎င်းသည် ဆေးဝါးအပြောင်းအလဲကြောင့် စိတ်ကယောင်ချောက်ချားဖြစ်ခဲ့ကြောင်း ၊ ထွက်ပြေးရန်ရည်ရွယ်ချက် မရှိခဲ့ကြောင်းနှင့် စောင့်ကြည့်ကိရိယာကိုလည်း မချိုးဖျက်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
သို့သော်ရှေ့တစ်ရက်တွင် တရားရုံးကထုတ်ပြန်သည့် ဗီဒီယိုတွင် ဘော်ဆိုနာရို၏ထွက်ဆိုချက်က ယင်းထွက်ဆိုချက်နှင့်ကွဲလွဲနေသည်။ ခြေချင်းဝတ်စောင့်ကြည့်ကိရိယာကို စူးစမ်းချင်စိတ်ကြောင့် ဂဟေဆော်တံဖြင့် တို့ထိခဲ့ကြောင်း ဝန်ခံထားသည်။
စောင့်ကြည့်ကိရိယာက ဆိုးဆိုးရွားရွား မီးလောင်ပျက်စီးနေသည်ကိုလည်း ဗီဒီယိုတွင်ဖော်ပြထားသည်။ သို့သော် ဘော်ဆိုနာရို၏ခြေချင်းဝတ်တွင် ရှိနေဆဲဖြစ်သည်။