ဗီယက်နမ်ရေကြီးမှု သေဆုံးသူ ရာဂဏန်းနီးပါး ရှိလာ
--------------------
လွန်လွန်ကဲကဲ မိုးဆက်တိုက် ရွာသွန်းတာတွေကြောင့် ဗီယက်နမ်နိုင်ငံမှာ သေဆုံးခဲ့သူ ဦးရေဟာ ရာဂဏန်းထိ ကပ်လာတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ နိုဝင်ဘာ ၂၃ ရက် ညပိုင်းထိ အခြေအနေအရ ဗီယက်နမ် တောင်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ မိုးရွာသွန်းတာနဲ့ အတူ နောက်ဆက်တွဲ ရေကြီး၊ မြေပြိုတာတွေကြောင့် သေဆုံးသူ ၉၀ ကျော်လွန်သွားပြီ ဖြစ်ပါတယ်။
ဗီယက်နမ်ဟာ အောက်တိုဘာ လလယ်ကစလို့ မိုးသည်းသည်းထန်ထန် ရွာသွန်းတာတွေနဲ့ ကြုံနေခဲ့ရတာပါ။ တချို့ဧရိယာတွေမှာဆို သုံးလေးရက်ဆက်တိုက် မနားမနေ သည်းသည်းမည်းမည်း မိုးရွာတာမျိုးတွေတောင် ရှိခဲ့ပါတယ်။ အဲဒီလို မိုးရွာသွန်းတာတွေကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရာ အပန်းဖြေဇုန်တွေ အပါအဝင် နေရာအများအပြားမှာ ရေကြီးမြေပြိုတာတွေနဲ့ ကြုံခဲ့ရပါတယ်။
တချို့မြို့ရွာတွေမှာ ရေတွေက အိမ်တွေထဲကို ဝင်ရောက် ဖုံးလွှမ်းသွားတာကြောင့် ဒေသခံတွေဟာ အိမ်ခေါင်မိုး တွေပေါ်ထိ တက်နေရပြီး ကယ်ဆယ်ရေးတွေအလာကို စောင့်ခဲ့ကြရပါတယ်။ ဗီယက်နမ် အာဏာပိုင်တွေကတော့ ပြည်နယ် ၅ ခုထဲက ထိခိုက်ပျက်စီးမှု တန်ဖိုးတွေဟာ ဒေါ်လာ ၃၄၃ သန်းလောက်ထိ များပြားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။