MSME လုပ်ငန်း စားသောက်ကုန်နမူနာများ ဓာတ်ခွဲစမ်းသပ်နိုင်
--------------------
ပြင်ဦးလွင်မြို့မှာ MSME လုပ်ငန်းတွေက ထွက်ရှိတဲ့ စားသောက်ကုန်နမူနာတွေကို ဓာတ်ခွဲစမ်းသပ်နိုင်တယ်လို့ စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းကနေ သိရပါတယ်။
အထက်မြန်မာပြည်က ထွက်ရှိတဲ့ စားသောက်ကုန်လုပ်ငန်းတွေကို ပြည်သူတွေ ဘေးကင်းလုံခြုံစွာ စားသောက် နိုင်စေဖို့၊ ထုတ်ကုန်တွေ အရည်အသွေးပြည့်ဝစွာ ဈေးကွက်အတွင်းကို ထိုးဖောက်နိုင်ဖို့နဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ စတာတွေအတွက် ရည်ရွယ်ပြီး သုတေသနဌာနခွဲ(ပြင်ဦးလွင်)ကို တိုးချဲ့ဖွင့်လှစ်ထားပါတယ်။
အခုတိုးချဲ့ဖွင့်လှစ်ထားတဲ့ သုတေသနဌာနခွဲ(ပြင်ဦးလွင်)ဟာ ISO 17025 အသိအမှတ်ပြုလက်မှတ် ရရှိထားပြီး အခုအခါ အဲဒီဌာနကနေ အစားအသောက်အမျိုးမျိုး၊ အချိုရည်၊ သကြားနဲ့ ဆီအမျိုးမျိုး၊ အဏုဇီဝနည်းနဲ့ ဘက်တီး ရီးယားပိုး ပါဝင်မှုစမ်းသပ်တာတွေကို ပြုလုပ်ပေးနေတာဖြစ်ပါတယ်။
ဒါ့အပြင် သုတေသနဌာနခွဲ(ပြင်ဦးလွင်)ကို ထပ်မံတိုးချဲ့ဖွင့်လှစ်ဖို့လည်း စီစဉ်ဆောင်ရွက်နေပြီး နောက်ထပ်လည်း စမ်းသပ်စစ်ဆေးနိုင်မဲ့ အမျိုးအစားတွေကို MSME လုပ်ငန်းရှင်တွေ သိရှိစေဖို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။