1 ပတ် - ဘာသာပြန်ပါ။

ပုံမှန်အတိုင်း လိုင်စင်ခွင့်ပြုပေးနေသော်လည်း ဈေးကစားသူများကြောင့် လုံလောက်သည့်ဆေးဝါးများ မရောက်ရှိဟုဆို

ဆေးဝါးတင်သွင်းခွင့်နှင့်ပတ်သက်ပြီး ပုံမှန်လိုင်စင်ခွင့်ပြုပေးနေသည့်တိုင် ကုမ္ပဏီအချို့၏ သွင်းကုန်ပစ္စည်းကိုထိန်းပြီး စျေးနှုန်းကစားလိုမှု၊ ရောက်ရှိပစ္စည်းကို ဈေးကွက်အတွင်း ထိန်းကျောင်းဖြန့်ဖြူးမှုတို့ကြောင့် ခွင့်ပြုသည့်ဆေးဝါးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှု လျော့နည်းရခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောသည်။
မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးအထောက်အကူပြုပစ္စည်းများ တင်သွင်းမှုမှသည် ထုတ်လုပ်မှုဆီသို့ ညှိနှိုင်းအစည်းအဝေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးစားပေးအနေဖြင့် ခွင့်ပြုပေးနေသော်လည်း ဈေးကွက်အတွင်း၌ ဆေးဝါးဈေးနှုန်းများ ကျဆင်းလာခြင်းမရှိသေးသကဲ့သို့ ဆေးပစ္စည်းလိုအပ်ချက်များကိုလည်း ကြားသိနေရကြောင်း၊ ပုံမှန်လိုင်စင်ခွင့်ပြုပေးနေသည့်တိုင် ကုမ္ပဏီအချို့၏ သွင်းကုန်ပစ္စည်းကိုထိန်းပြီး စျေးနှုန်းကစားလိုမှု၊ ရောက်ရှိပစ္စည်းကို ဈေးကွက်အတွင်း ထိန်းကျောင်းဖြန့်ဖြူးမှုတို့ကြောင့် ခွင့်ပြုသည့်ဆေးဝါးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှု လျော့နည်းရခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ စျေးကွက်သဘောတရားအရ အရင်းအနှီးနှင့် စွမ်းဆောင်ရည်မြင့်မားသည့် ကုမ္ပဏီကြီးများအနေဖြင့် စျေးကွက်ကိုလွှမ်းမိုးသည့်အခြေအနေ (Dominant Postion) ကို ပိုင်ဆိုင်နိုင်ကြကြောင်း၊ သို့ရာတွင် စျေးကွက်လွှမ်းမိုးထားသည့်အခြေအနေကို အသာစီးရယူပြီး ဆေးပစ္စည်းများ သိုလှောင်ထိန်းသိမ်းကာ ဈေးကွက်ကိုမကစားကြရန်၊ စျေးနှုန်းထိန်းချုပ်ခြင်းမပြုလုပ်ကြရန်၊ အခြားပြိုင်ဘက် ကုမ္ပဏီများအား လုပ်ကိုင်နိုင်စွမ်းမရှိအောင် မပြုလုပ်ကြရန် အသိပေးပြောကြားလိုကြောင်း ပြည်ထောင်စုဝန်ကြီးကပြောသည်။
စာရင်းများအရ ဆေးဝါးကုမ္ပဏီ ၇၉၆ ခု၊ ဆေးပစ္စည်း ကုမ္ပဏီ ၆၄၆ ခုရှိကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်းဆေးဝါးစက်ရုံများအနေဖြင့် ပြည်တွင်း၌ ဆေးအမျိုးအစားယခုထက်ပိုမို၍ စုံလင်ပြီး ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက် နိုင်ငံခြားငွေအသုံးပြုမှု လျော့ကျသွားမည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုလာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ပြည်သူများသို့ ဝန်ဆောင်မှုပေးနေမှု၊ ဆေးဝါးထောက်ပံ့ပေးနိုင်မှုနှင့် ဆေးဝါးပစ္စည်းများ တင်သွင်းပေးနိုင်မှုအခြေအနေများကို အစည်းအဝေးတတ်ရောက်လာသူများက ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

image