မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် ဒီနေ့မနက် ကွယ်လွန်

မြန်မာစာ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ ၊ မနက် ၅ နာရီ ၅၅ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ဟာ ရန်ကုန်ရှိ သူရဲ့နေအိမ်မှာပဲ ကွယ်လွန်သွားတာဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်နေ့ ၃ နာရီအချိန် ရေဝေးသုဿန်မှာ သဂြိုလ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က နေအိမ်မှာ ချော်လဲကာ လည်ပင်းနောက်ပိုင်း ကျောရိုး ကျိုးသွားခဲ့တာကြောင့် ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပေမယ့် အဲဒီဒဏ်ရာတွေကြောင့်ပဲ ရောဂါဝေဒနာ ခံစားခံရပြီး ကွယ်လွန်သွားရတာ ဖြစ်တယ်လို့ သိရပါတယ်။
" ဖေဖေက ဘယ်ဖက် အဆုတ်တခုလုံးက ပျက်စီးသွားတယ်။ ဇန်နဝါရီလမှာ ချော်လဲခဲ့တဲ့ ဒဏ်ရာကနေ နောက်ဆက်တွဲ ဖြစ်ကုန်တာ ။ ဖေဖေအခြေအနေက ဆရာဝန်ကလည်းပေါ့နော် လက်လျှော့လိုက်ပြီ ဆေးရုံမတက်စေချင်တော့ဘူး အိမ်မှာပဲထားလိုက်တော့တယ် ။ " လို့ မိသားစုဝင် တယောက်က ပြောပါတယ်။
ဆရာကြီးကိုတော့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဆင်ကျွန်းကျေးရွာမှာ ဦးဓနအမိ ( မြန်မာ တိုင်းရင်း သမားတော်ကြီး) နဲ့ မူလတန်း ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးစိန်တို့က မွေးဖွားခဲ့ပါတယ်။
၁၉၅၅ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းကို တနိုင်ငံလုံးမှာ တဦးတည်းသော မြန်မာစာ ဂုဏ်ထူးရှင် အဖြစ် မုံရွာမြို့၊ အမှတ် (၂) အထက မှာ တက်ရောက်ပြီး ဖြေဆိုအောင်မြင်ခဲ့ပါတယ်။
အလယ်တန်း၊ အထက်တန်း၊ ကျောင်းသားဘဝ စာပေပြိုင်ပွဲတွေမှာလည်း ပထမဆုပေါင်း ၂ဝ ကျော် ရရှိခဲ့ပြီး ၁၉၅၆ ခုနှစ်၊ စာဆိုတော်နေ့ ပြိုင်ပွဲ မှာ မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးသိန်းဖေမြင့်ရဲ့ "စာဆိုမောင်ဆု" ငွေဒိုင်းကို ချီးမြှင့်ခြင်း ခံရပါတယ်။
အသက် ၁၇ နှစ်သားမှ စပြီး စာနယ်ဇင်းတွေမှာ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာများကို ရေးသားခဲ့ကြောင်း ၊ မန္တလေး တက္ကသိုလ် ကလောင်ရှင် အသင်းရဲ့ အတွင်းရေးမှူး အဖြစ် တကြိမ်၊ ဥက္ကဋ္ဌ အဖြစ်လည်း နှစ်ကြိမ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
မန္တလေး တက္ကသိုလ် ကျောင်းသားဘဝ စာပေပြိုင်ပွဲတွေမှာလည်း ပထမဆု ၁၁ ဆု ရရှိခဲ့ဖူးပြီး အတန်းအသီးသီးမှာ မြန်မာစာဂုဏ်ထူး ရရှိခဲ့သူဖြစ်ပါတယ်။
အထက်မြန်မာနိုင်ငံ စာရေးဆရာ အသင်းရဲ့ အမှုဆောင် အဖြစ် လည်းကောင်း၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း တာဝန်ကို အဆင့်ဆင့် ယူခဲ့ရပြီး နိုင်ငံတော်ရဲ့ အမြင့်ဆုံး စာပေဆု ဖြစ်သော အနုပညာ စာပေ တတိယဆုကို "မြန်မာ့ဇာတ်သဘင်သမိုင်း" ဖြင့် ၁၉၆၃ ခုနှစ်မှာ လည်းကောင်း၊ အမျိုးသား စာပေဆုကို "မြန်မာ့ရုပ်စုံသဘင်" ဖြင့် ၁၉၆၅ ခုနှစ်မှာ လည်းကောင်း၊ ရရှိခဲ့ တယ်လို့သိရပါတယ်။
မြန်မာစာပေ သင်ကြားသော နိုင်ငံခြား တက္ကသိုလ် အချို့မျာ ပြဋ္ဌာန်းသော "မြန်မာစာဋီကာ" ကျမ်းကို ၁၉၆၈ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။
မြန်မာစာပေမှာ ဆရာတော် အရှင်မဟာရဋ္ဌသာရရဲ့ အခန်းကဏ္ဍ"၊ "မြန်မာ့ တောင်သူလယ်သမား ဝတ္ထုတွေထဲက ဇာတ်ကောင်များ"၊ "ယနေ့ မြန်မာ စကားပြေ အရေးအသား"၊ ဆရာကြီး မြမျိုးလွင်ရဲ့ ဝတ္ထုများ လေ့လာချက် စာတမ်း ဟူသော စာတမ်းများကို ၁၉၆၅၊ ၁၉၆၆၊ ၁၉၆၇ ခုနှစ်တွေမှာ မန္တလေးမြို့၊ အနောက်ကျုံးလမ်း၊ ဓမ္မဗိမာန်မှာ ကျင်းပသော အထက်မြန်မာနိုင်ငံ စာရေး ဆရာများ အသင်း စာဆိုတော်နေ့ စာတမ်းဖတ်ပွဲများမှာ တင်သွင်း ဖတ်ကြားခဲ့ပါတယ်။
"မြန်မာ့ရုပ်သေး ဆင့်ကဲဖြစ်စဉ်" စာတမ်းကိုလည်း ၁၉၈၇ ခုနှစ် စာပေဗိမာန်မှာ ဖတ်ကြား တင်သွင်းခဲ့ပါတယ်။

image