1 ပတ် - ဘာသာပြန်ပါ။

ညောင်ခါးရှည် X-ray ဂိတ်မှာ စစ်ဆေးချိန်ကြာလို့ ကားတွေ အချိန်ကြာပိတ်မိပြန်

ပဲခူးတိုင်း ၊ ဝေါမြို့နယ် ၊ ရန်ကုန် - မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ ညောင်ခါးရှည် X-ray ဂိတ်မှာ စစ်ဆေးမှု တင်းကြပ်နေတဲ့အတွက် ကားတွေ အချိန်ကြာမြင့်စွာ ပိတ်မိမှု ကြုံတွေ့နေကြ ရပြန်တယ်လို့ ခရီးသွားလာ သူတွေဆီမှ သိရပါတယ်။
ညောင်ခါးရှည် X- ray ဂိတ်မှာ အရင်က ကုန်ကားတွေလောက်ကိုသာ အဓိကထား စစ်ဆေးမှုရှိခဲ့ပြီး လက်ရှိမှာတော့ ကားကြီး ၊ ကားငယ် ၊ အိမ်စီးကား အပါအားလုံးကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။
ကားတွေကို စစ်ဆေးမှု အချိန်ကြာမြင့်တဲ့အတွက် အချိန်ကြာပြီး ကားတွေ ပိတ်မိသလိုဖြစ်ကာ တန်းစီ စောင့်နေရတာ ဖြစ်တယ်လို့ သိရပါတယ် ။
" အခုဆို ညောင်ခါးရှည် ဂိတ်ဖြတ်မယ့် ကားအားလုံး အကုန်လုံးကို သေချာကို စစ်ဆေးပါတယ်။ ဘားအံ ဘက်သွားမယ့်ကားဆို ပိုသေချာစစ်ပါတယ်။ ရန်ကုန်အတက်ကားလည်း စစ်ပါတယ်။ အရင်ကဆို အိမ်စီး ကားငယ်ဆိုရင် တော်ယုံ သိပ်ပြီး မစစ်ဘူး ။ အခုရက်ပိုင်းတော့ မရဘူး ။ အထုတ်အပိုး ပါလာတဲ့ ကားဆို သေချာကို အိတ်တွေ ဖွင့်စစ်ဆေးပါတယ် ။ စောင့်ရတာလည်း အရမ်းကြာပါတယ် ။စစ်တာ လက်ခံပါတယ် ။ အရမ်းကြာတာက အဆင်မပြေဘူး ။ " လို့ ခရီးသွားလာသူ တယောက်ကပြောပါတယ်။
နိုဝင်ဘာ ဒုတိယပတ်လောက်တုန်းက ညောင်ခါးရှည် X-ray ဂိတ်ကနေ ငွေကျပ် ၇ ဘီလီယံကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၅သန်းဝန်းကျင် ဖမ်းဆီးရမိခဲ့ပြီး နောက်ပိုင်းကစလို့ စစ်ဆေးမှုကို ပိုတင်းကြပ် လာတာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ မန္တလေးကနေ ဘားအံကို သယ်ဆောင်ကာ ရောင်းဝယ်ခြင်း ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ထား ပါတယ်။
" မူးယစ်ဆေး ဆယ်ဘီကားနဲ့မိပြီးကတည်းက စစ်ဆေးကြမ်းလာတာ ခုထိပဲ ။ ကားတွေစစ်တာ ကြာတော့ စောင့်ရတာ တော်တော်ကြာတယ် ။ ပုံမှန်သွားလာရတာထက် အချိန် နှစ်နာရီလောက်ပုတ်သွားတယ်။ ကားပိတ်တာက ရန်ကုန်သွားမယ်ဆိုရင် စစ်တောင်းတံတား မုပ္ပလင် ဘက်ခြမ်းအထိကို ပိတ်တာ ။ အဲဒီကနေမှ တစီးချင်းလှိမ့်ခဲ့ရတာ ။မူးယစ်ဆေးမိတာက ဘားအံဆိုတော့ အခုဘားအံကားဆို ပိုစစ်တယ် ။ " လို့ ညောင်ခါးရှည် ဂိတ်ကို ဖြတ်သန်းပြီး ခရီးသွားခဲ့သူ တယောက်က ပြောပါတယ်။
ညောင်ခါးရှည် X-ray ဂိတ်မှာ အရင်ကလည်း မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိခြင်း ရှိခဲ့သလို လက်နက် ၊ ခဲယမ်း တွေလည်း ဖမ်းဆီးရမိ မှုရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ညောင်ခါးရှည်ဂိတ်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက မကြာခဏ ပစ်ခတ် တိုက်ခိုက်မှူ ရှိခဲ့တယ်လို့ သိရပါတယ် ။
ညောင်ခါးရှည် X-ray ဂိတ်မှာ အရင်ကလည်း စစ်ဆေးမှုကြာမြင့်တဲ့အတွက် ခရီးသွား ကားတွေ အများအပြား မကြာခဏ ပိတ်မိပြီး အချိန်ကြာမြင့်စောင့်ဆိုင်းခဲ့ရတာမျိုး ရှိခဲ့တယ်လို့ ခရီးသွားတွေဆီကသိရ ပါတယ်။

image