မောတောင် စစ်ရှောင်တွေကို ထိုင်းအာဏာပိုင်တွေက နယ်စပ် အလယ်ဂိတ်မှာ နေခွင့်မပြုတော့လို့ စစ်ရှောင်တွေ နေရပ်ပြန်နေကြရ
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တနင်္သာရီတိုင်း၊ မောတောင်မြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို ထိုင်းအာဏာပိုင်တွေက နယ်စပ်ဂိတ်ဖြစ်တဲ့ အလယ်ဂိတ်မှာ နေခွင့်မပြုတော့ဘဲ နေရပ်ပြန်နေထိုင်ကြဖို့ အသိပေးလာတာကြောင့် ဒေသခံတွေ နေရပ်ပြန်နေကြရတယ် လို့သိရပါတယ် ။
ဒါကြောင့် ဒီနေ့ နိုဝင်ဘာ ၂၄ ရက်ကစပြီး အလယ်ဂိတ်မှာ ရောက်နေတဲ့ စစ်ရှောင်ပြည်သူတွေထဲက လူဦးရေ ၁၀၀၀ လောက်ဟာ နေရပ်ကို ပြန်သွားကြပြီး လက်ရှိမှာ လူ ၅၀၀ လောက်သာ အလယ်ဂိတ်မှာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
မောတောင်မြို့နယ်ထဲမှာ အစိုးရတပ် နဲ့ ဒေသတွင်းလက်နက်ကိုင် တပ်တွေအကြား တိုက်ပွဲပြင်းထန်နေတဲ့အတွက် စစ်ရှောင်တွေအနေနဲ့ နေရပ် မပြန်လိုပေမယ့်လည်း ထိုင်းအာဏာပိုင်တွေက နေခွင့်မပြုတော့တာကြောင့် နေရပ်ပြန် ကြရတာဖြစ်တယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။
" စစ်ရှောင်တွေက နေရပ်မပြန်ချင်ကြဘူး ။ ဒါပေမယ့်လည်း နေခွင့်မပြုတော့ ပြန်ကြရတာပါ။ မောတောင်မှာကလည်း ပစ်ခတ်မှုတွေက ရှိနေတယ်လေ ။ လေကြောင်းရန်ကလည်း ကြောက်ရတော့ မပြန်ချင်ကြဘူး ။ ထိုင်းအာဏာပိုင်တွေက ဘာကြောင့် ပြန်လွှတ်တယ်ဆိုတာတော့ သေချာမသိရသေးဘူး ။ စစ်ရှောင်တွေမှာ အကူအညီ လိုအပ်ချက်တွေ များတော့ ရွာဘက်ရောက်သွားရင် ကူညီဖို့က ခက်ခဲသွားနိုင်တယ် ။ " လို့ မောတောင် စစ်ရှောင်တွေကို ကူညီနေသူက ပြောပါတယ် ။
လက်ရှိမှာ မောတောင်စစ်ရှောင်တွေက နယ်စပ်အလယ်ဂိတ်မှာ လူဦးရေ ၅၀၀ လောက်ရှိနေပြီး မောတောင် တောင်ဘက်ခြမ်း တောထဲမှာလည်း စစ်ရှောင်နေကြသူတွေရှိသေးကြောင်း ၊ နယ်စပ်ဂိတ်အနီး စစ်ရှောင်သူ အားလုံး နေရပ်ပြန်ရမှာ ဖြစ်တယ်လို့ ကနဦးသိရပါတယ်။
လက်ရှိ အစိုးရတပ်က မောတောင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် လေကြောင်းကနေ အင်အားတိုးမြှင့်ချပေးထားတဲ့အပြင် လေကြောင်း တိုက်ခိုက်မှု ၊ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်တိုက်ခိုက် မှုတွေကြောင့် သိမ်ခွန်းရွာ နဲ့ သဲဖြူရွာဘက်မှာ ဒေသတွင်းလက်နက်ကိုင် တပ်တွေနဲ့ တိုက်ပွဲ ပြင်းထန်ဖြစ်ပွား နေတယ်လို့ သိရပါတယ်။
" သိမ်ခွန်း နဲ့ သံဖြူက မောတောင်နဲ့ဆိုရင် နည်းနည်းလှမ်းပေမယ့် အဲဒါတွေ ကျော်လာနိုင်ရင်လည်း မြို့နဲက နီးစပ်နေပြီ ပြောရမယ် ။ တိုက်ပွဲကတော့ ပြင်းထန်နေတယ် သိရတယ် ။ စစ်တပ်က မောတောင် ပြန်ရအောင်တိုက်မယ့် အခြေအနေရှိတယ် ။ " လို့ စစ်ရှောင်ကူနေသူ နောက်တယောက်က ပြောပါတယ် ။
မောတောင် ဒေသခံတွေမှာ စစ်ပွဲကြောင့် နေအိမ်ကိုစွန့်ခွာကာ အရေးပေါ်တိမ်းရှောင်ခဲ့ကြရချိန်
စစ်ရှောင် ပြည်သူတွေရဲ့ နေအိမ်အချို့မှာ ဖောက်ထွင်းခံရပြီး တန်ဖိုးရှိ ပစ္စည်းတွေ ခိုးယူခံရမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
မောတောင်မြို့ကိုတော့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ဒေသတွင်းလက်နက်ကိုင် တပ်တွေက ထိန်းချုပ်ခဲ့တာဖြစ်ကြောင်း လက်ရှိမှာ နယ်စပ်ကုန်သွယ်ရေး ၊ ဒေသတွင်းကုန်သွယ်ရေး အားလုံးပြတ်တောက်နေတယ်လို့သိရပါတယ်။
မောတောင်မြို့က ထိုင်း - မြန်မာနယ်စပ်မြို့ ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြို့တမြို့ ဖြစ်ပါတယ် ။