ရှီကျင်းပင်ရဲ့ ဖိတ်ကြားချက်အရ ဒေါ်နယ်ထရန့် တရုတ်သွာမယ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တယ်လီဖုန်းဆက်သွယ် ဆွေးနွေးခဲ့ပြီး လာမယ့် ဧပြီလမှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ သဘောတူခဲ့ကာ ရှီကျင်းပင်က သူ့ကို နိုင်ငံတော်ခရီးစဉ် ဖိတ်ကြားခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ တလနီးပါးက တောင်ကိုရီးယားမှာ တွေ့ဆုံခဲ့တဲ့ ထရန့်နဲ့ ရှီကျင်ပင်တို့ဟာ ကုန်သွယ်ရေး၊ ရုရှားရဲ့ ယူကရိန်းကျူးကျော်မှု၊ ဖန်တနိုင်းမူးယစ်းဆေး အမေရိကန်ကို ဝင်ရောက်မှုနဲ့ ထိုင်ဝမ်အရေး အပါအဝင် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
"တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးဟာ အလွန်ခိုင်မာတယ် " လို့ ထရန့်က သူ့ရဲ့ လူမှုကွန်ရက်မှာ ဆိုပါတယ်။ နှစ်နိုင်ငံစလုံးဟာ တန်းတူညီမျှမှု၊ လေးစားမှုနဲ့ အပြန်အလှန်အကျိုးရှိမှုအပေါ် အခြေခံပြီး ဒီအခြေအနေကို ဆက်လက်ထိန်းသိမ်းထားသင့်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။
အောက်တိုဘာလအတွင်း တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မှာ တွေ့ဆုံခဲ့ပြီးနောက် အခွန်ကောက်ခံမှုတွေ လျှော့ချဖို့နဲ့ ရပ်ဆိုင်းဖို့တွေ သဘောတူခဲ့ပြီး တရုတ်ကုန်ပစ္စည်းတွေအပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှုတွေဟာလည်း ပျမ်းမျှအားဖြင့် ၅၀ ရာခိုင်နှုန်းအောက်သာရှိတော့ပါတယ်။
"အဲဒီအချိန်ကစပြီး တရုတ်-အမေရိကန် ဆက်ဆံရေးဟာ ယေဘုယျအားဖြင့် တည်ငြိမ်ပြီး အပြုသဘောဆောင်တဲ့ လမ်းကြောင်းကို ထိန်းသိမ်းထားခဲ့ကာ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒါကို ကြိုဆိုကြတယ်" လို့ တရုတ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်က တရုတ်ကုန်ပစ္စည်းတွေအပေါ် ၁၀၀ ရခိုင်နှုန်း ထပ်ဆောင်းအခွန်ကောက်ခံမယ့် ခြိမ်းခြောက်မှုကို ရုပ်သိမ်းလိုက်ပြီး တရုတ်နိုင်ငံကလည်း သူ့ရဲ့ နောက်ဆုံးအကြိမ် ရှားပါးမြေတင်ပို့မှု ထိန်းချုပ်ရေးအစီအစဉ်ကို အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။
တနင်္လာနေ့က ရှီနဲ့ တနာရီလောက်ကြာတဲ့ ဖုန်းခေါ်ဆိုမှုဟာ ကုန်သွယ်ရေးကို အဓိကထားခဲ့တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်းလီဗစ်က ပြောပါတယ်။ ကုန်သွယ်ရေးဆွေးနွေးခြင်းအပြင် ရုရှားရဲ့ ယူကရိန်းပြဿနာ၊ ထိုင်ဝမ်ကို ကျူးကျော်မှုဆိုင်ရာ အကြောင်းအရာတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဂျပန်နဲ့ တရုတ်နိုင်ငံတို့အကြား သံတမန်ရေးရာ တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ထိုင်ဝမ်အပေါ် တရုတ်ရဲ့ တိုက်ခိုက်မှုတိုင်းသည် ဂျပန်ရဲ့ စစ်ရေးတုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနေတာကာအိချိက ယခုလအစောပိုင်းမှာ ပြောဆိုခဲ့ပါတယ်။