အမေရိကန်ရောက် မြန်မာတွေ ယာယီခိုလှုံခွင့် (TPS ) အဆုံးသတ်တော့မယ်
အမေရိကန်ပြည်ထောင်စုရှိ မြန်မာနိုင်ငံသားတွေအတွက် ယာယီနေထိုင် ခိုလှုံခွင့် (TPS )ကို အဆုံးသတ်တော့မယ်လို့ တာဝန်ရှိသူတွေက အတည်ပြု ပြောကြားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမိမြေလုံခြုံရေးဌာနဟာ အမေရိကန်အစိုးရအေဂျင်စီတွေနဲ့ ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံသားတွေအတွက် ယာယီအကာအကွယ်နဲ့ နေထိုင်ခွင့်ကို မလိုအပ်တော့ကြောင်း အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီနိုအမ်က ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ အခြေအနေဟာ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ဖို့ ဘေးကင်းလုံခြုံလောက်အောင် တိုးတက်လာတာကြောင့် ယာယီကာကွယ်စောင့်ရှောက်ရေးအဆင့်အတန်းကို ရပ်ဆိုင်းလိုက်ပါတယ်။ အရေးပေါ်အခြေအနေ အဆုံးသတ်မှု၊ ရွေးကောက်ပွဲတွေအတွက် အစီအစဉ်တွေ၊ အောင်မြင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေနဲ့ ပိုမိုကောင်းမွန်လာတဲ့ ဒေသန္တရအုပ်ချုပ်ရေးတွေ အပါအဝင် မြန်မာနိုင်ငံဟာ အုပ်ချုပ်ရေးနဲ့ တည်ငြိမ်ရေးမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရရှိခဲ့ပါတယ်။” လို့ ခရစ္စတီနိုအမ်က ပြောပါတယ်။
ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ဒီယာယီနေထိုင်ခွင့် (TPS ) နဲ့ နေထိုင်တဲ့ မြန်မာနိုင်ငံသား ၄၀၀၀ လောက်အတွက် ဒီအဆင့်အတန်းဟာ သက်တမ်းကုန်ဆုံးတော့မယ်လို့ အေဂျင်စီက ပြောပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။
“အမေရိကန်ရဲံ့ အချက်အလက်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုက စိတ်ကူးယဉ်ဆန်တယ်” လို့ Human Rights Watch ရဲ့ အာရှရေးရာ ဒါရိုက်တာ မစ္စတာ ဂျွန် ဆစ်ဖ်တန်က ပြောပါတယ်။ အုပ်ချုပ်မှု သို့မဟုတ် တည်ငြိမ်မှုမှာ တိုးတက်မှုမရှိသေးဘူးလို့ ဆိုပါတယ်။
မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့တဲ့အချိန် ၂၀၂၁ ခုနှစ်မှာ သမ္မတ ဂျိုးဘိုင်ဒင်လက်ထက်မှာ ပေးခဲ့ပြီး အကြိမ်ကြိမ် သက်တမ်းတိုးပေးခဲ့တဲ့ TPS ကို ရုပ်သိမ်းမှုဟာ ဇန်နဝါရီ ၂၆ ရက်မှာ စတင်သက်ဝင်မှာလို့ ဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ံမှာ ပြည်တွင်းမငြိမ်မသက်မှု၊ လက်နက်ကိုင်ပဋိပက္ခနဲ့ အခြားအခြေအနေတွေကြောင့် အမေရိကန်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံက မသွားဖို့ ညွှန်ကြားထားဆဲဖြစ်ပါတယ်။
Ref:Reuters