ဒီရာသီမှာ အာဆင်နယ်အသင်းကို ချန်ပီယံမဖြစ်အောင် တားဆီးနိုင်မှာ အာဆင်နယ်တစ်သင်းသာ ရှိတော့တယ်လို့ ကာရေဂါ သုံးသပ်

ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါက ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းကို ချန်ပီယံမဖြစ်အောင် တားဆီးနိုင်မှာ အာဆင်နယ်တစ်သင်းသာ ရှိတော့တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပုံစံကောင်းပြသနေပြီး ပွဲစဉ်(၇)ကတည်းက အမှတ်ပေးဇယားထိပ်ဆုံးမှာ တောက်လျှောက်ရပ်တည်နေခဲ့ပါတယ်။
အခုတစ်ပတ် ပွဲစဉ်(၁၂)မှာတော့ ဒုတိယနေရာက အနီးဆုံးပြိုင်ဘက် ချယ်လ်ဆီးကို (၆)မှတ်ဖြတ်နိုင်ခဲ့သလို၊ ရှုံးပွဲတွေ့ခဲ့ကြတဲ့ မန်စီးတီး၊ လီဗာပူးလ်တို့နဲ့လည်း အမှတ်ပိုကွာသွားခဲ့ပါတယ်။
ဒါကြောင့် ကာရေဂါက လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးအသင်းဖြစ်နေပြီး သူတို့ကို တားဆီးနိုင်မယ့်အသင်းက သူတို့ကိုယ်တိုင်သာဖြစ်လိမ့်မယ်လို့ သုံးသပ်ခဲ့တာပါ။
''အာဆင်နယ်အသင်း ချန်ပီယံမဖြစ်အောင် တားဆီးနိုင်မယ့် တစ်သင်းတည်းသောအသင်းက အာဆင်နယ်ပါပဲ။ သူတို့က အကောင်းဆုံးအသင်းပါ။ သူတို့က အကောင်းဆုံးလူစာရင်းရှိနေတာပါ။ သူတို့ကို ရပ်တန့်နိုင်မယ့် တစ်ခုတည်းသောအရာက သူတို့ရဲ့ ဦးခေါင်းတွေ၊ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေပါပဲ။ မတ်၊ ဧပြီလမှာ တခြားအသင်းတွေအတွက် အခွင့်အရေးရှိနေဦးမယ်ဆိုရင် ပရိသတ်တွေက စိုးရိမ်လာနိုင်ပါတယ်။ ဒီတစ်ခုပဲ ဖြစ်နိုင်ပါတယ်။ သူတို့ ချန်ပီယံမဖြစ်ဘူးဆိုရင် ကျွန်တော်တို့အားလုံး ဒီအချက်ကိုပဲ လက်ညှိုးထိုးပြရမယ်လို့ ထင်ပါတယ်'' လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။
ကာရေဂါက အက်ဇေးဟာ အာဆင်နယ်အသင်းကို တိုးတက်ပြောင်းလဲစေမယ့်သူမဟုတ်ဘူးလို့ အကဲဖြတ်ခဲ့မိခြင်းအတွက် မှားယွင်းကြောင်းလည်း တောင်းပန်စကားဆိုခဲ့ပါတယ်။

image