ဂျိုရှူအာဗန်နဲ့ ထိုးသတ်ရမယ့်ပွဲဟာ ကစားသမားဘဝ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာမယ်လို့ ပန်တိုဂျာ ဆို

UFC ရဲ့ ဖလိုင်းဝိတ်တန်း လက်ရှိချန်ပီယံ အလက်ဇန္ဒားပန်တိုဂျာက မကြာမီထိုးသတ်ရမယ့် ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှူအာဗန်နဲ့ ချန်ပီယံခါးပတ် ကာကွယ်ပွဲဟာ သူရဲ့ ကစားသမားဘ၀ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာမယ်လို့ ထုတ် ဖော်ပြောကြားခဲ့ပါတယ်။
အလက်ဇန္ဒားပန်တိုဂျာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းရုပ်သံအင်တာဗျူးတစ်ခုကို လက်ခံဖြေကြားခဲ့ပြီး ဂျိုရှူအာဗန် နဲ့ ထိုးသတ်ရမယ့် ချန်ပီယံခါးပတ် ကာကွယ်ပွဲအပေါ် မှတ်ချက်ပေးစကား ပြောကြားခဲ့တာဖြစ်ပါတယ်။
ပန်တိုဂျာက "ဂျိုရှူအာဗန်က တကယ်တော်တဲ့ ဖိုက်တာလေးပါ။ တက်ကြွပြီး စိတ်အားထက်သန်ပါတယ်။ ကျွန်တော့်အတွက်တော့ သူနဲ့ထိုးသတ်ရမယ့် ပွဲက ကစားသမားဘ၀ အကြီးမားဆုံးစိန်ခေါ် မှုဖြစ်လာပါလိမ့်မယ်။ အရမ်းကောင်းတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ သူနဲ့ ထိုးသတ်ရမယ့်ပွဲအပေါ် စိတ်လှုပ်ရှားပါတယ်။ ကျွန်တော်က ချန်ပီယံခါးပတ်အတွက် စိန်ခေါ်ပွဲတွေကိုပဲ တောက်လျှောက်ထိုးသတ်လာသူပါ။ ကမ္ဘာ့အကောင်းဆုံးဖိုက်တာတွေနဲ့ချည်း ထိုးသတ်ထားတာပါ။ ကျွန်တော်နောက်ဆုံးထိုးသတ်ထားတဲ့ ငါးပွဲက ချန်ပီယံခါးပတ်ပွဲတွေချည်းပါပဲ။ ဂျိုရှူအာဗန်က အရမ်းငယ်ပြီး စိတ်အား အရမ်းထက်သန်သူပါ။ အကြောက်အလန့်လည်း မရှိဘူး။ သူ့ရဲ့ပုံစံကို ကျွန်တော်သဘောကျတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ လူငယ်ဖိုက်တာလေး။ အခုပွဲဖြစ်လာတာကို ကျွန်တော် သဘောကျတယ်။ သူနဲ့ ဘရန်ဒန် ရွိုင်ဗယ် ထိုးတဲ့ပွဲကို ကျွန်တော် အစအဆုံး မကြည့်လိုက်ရဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်လည်း ပွဲထိုးရမှာကိုး။ ဒါပေမဲ့ နည်းနည်းတော့ ကြည့်လိုက်ရတယ်။ ကျွန်တော် ထင်လိုက်တာက ဘရန်ဒန်ရွိုင်ဗယ် နိုင်ပြီပဲ မှတ်လိုက်တာ။ ဒါပေမဲ့ နောက်ဆုံးမှာ ဂျိုရှူအာဗန်က အသာစီးနဲ့ ဆော်ပြသွားတယ်။ သိပ်တော်တဲ့ ချာတိတ်ပါဗျာ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အလက်ဇန္ဒားပန်တိုဂျာနဲ့ ဂျိုရှူအာဗန်တို့ရဲ့ပွဲကို လာမယ့်ဒီဇင်ဘာ ၆ ရက်မှာ ကျင်းပမယ့် UFC- 323 ပြိုင်ပွဲမှာ ဒုခေါင်တွဲဆိုင်းအဖြစ် ထည့်သွင်းထားပါတယ်။

image