အဲဗာတန်ကို ရှုံးနိမ့်ပြီးနောက် ကစားသမားများ အချင်းချင်း ရန်ဖြစ်ကြရန် မျှော်လင့်ကြောင်း အမိုရမ် ပြောကြားလာ
======================

ယူနိုက်တက်နည်းပြရူဘင်အမိုရမ်က မနေ့ညတုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် အဲဗာတန်ကို တစ်ယောက်အသာဖြင့် ကစားခွင့်ရခဲ့ပေမယ့် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ကစားသမားများ အချင်းချင်း ရန်ဖြစ်ကြရန် မျှော်လင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ မနေ့ညက ပွဲတွင် ပွဲချိန် ၁၃ မိနစ်မှာ အဲဗာတန်ရဲ့ အိုင်ဒရက်စ်ဆာယူယီမှာ ကစားဖော် မိုက်ကယ်ကိန်းရဲ့ မျက်နှာကို ထိုးမှုအတွက် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံရလို့ တစ်ယောက်အသာဖြင့် ကစားခွင့်ရခဲ့ပါတယ်။
ယူနိုက်တက်ဟာ အဲဗာတန်ကို ၇၇ မိနစ်တိုင်တိုင် တစ်ယောက်အသာဖြင့် ကစားခွင့်ရခဲပေမယ့်လည်း ၂၉ မိနစ်တွင် ကီယာနန်ဒေါ်ဘူရီဟေးလ်သွင်းယူတဲ့ တစ်လုံးတည်းသော ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်ကွင်းတွင် ပြိုင်ဘက်အား တစ်ယောက်သာဖြင့် ကစားခွင့်ရတဲ့ပွဲများတွင် ပထမဆုံးအကြိမ် ရှုံးပွဲကြုံလာတာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်သမိုင်းတွင် အိုးထရက်ဖို့ဒ်ကွင်းမှာ ပြိုင်ဘက်အား တစ်ယောက်အသာဖြင့် ၄၆ ပွဲကစားခဲ့ရာမှာ ၃၆ ပွဲနိုင်ပြီး ၁၀ ပွဲသရေကျထားပါတယ်။
အမိုရမ်က "ရန်ဖြစ်တယ်ဆိုတာ ဆိုးရွားတာ မဟုတ်ပါဘူး။ ရန်ဖြစ်တိုင်းလည်း တစ်ယောက်နဲ့ တစ်ယောက် သဘောမကျတာ မဟုတ်ပါဘူး။ ဘောလုံးဆုံးရှုံးလို့ ရန်ဖြစ်တယ်။ ဂိုးပေးရတော့မှာ ဖြစ်လို့ ရန်ဖြစ်တာပါ။ ကျုပ်ကစားသမားတွေလည်း ဘောလုံးဆုံးရှုံးတဲ့အခါ ရန်ဖြစ်ကြဖို့ မျှော်လင့်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ရူဘင်အမိုရမ်ဦးဆောင်တဲ့ ယူနိုက်တက်ဟာ နိုင်ငံတကာပွဲစဉ်များမတိုင်မီ ပရီးမီးယားလိဂ် ၅ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းပိုင်ဆိုင်ခဲ့တဲ့အသင်းပါ။
ယခု ရှုံးပွဲ ပြန်လည် ကြုံတွေ့လာမှုနှင့်အတူ အမိုရမ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းကကဲ့သို့ ပွဲတိုင်းက ရှုံ့းပွဲကြုံလာမယ့်ပွဲများအဖြစ် စောင့်ကြိုနေတဲ့ ခံစားချက် ပြန်ရလာစေမှာ စိုးရိမ်နေပြီလည်း ဖြစ်ပါတယ်။
အမိုရမ်က "ပြီးခဲ့တဲ့ရာသီတုန်းက ဒီခံစားချက် ပြန်ရလာမှာ ကြောက်တယ်။ ဒါက ကျွန်တော် အစိုးရိမ်ဆုံးအရာပါ။ ကျွန်တော်တို့ အလုပ် အတူတူ တဲလုပ်ရမယ်။ အလုပ်တွဲလုပ်ရမယ်။ ကစားသမားတွေလည်း ကြိုးစားကြတယ်။ ဒါပေမယ့် ပိုကောင်းဖို့ လိုနေတယ်"လို့ ပြောကြားသွားပါတယ်။

image