လက်ဘနွန်ကို အစ္စရေးက လေကြောင်းတိုက်ခိုက်ပြီး ဟဇ်ဘိုလာ ထိပ်တန်းတာဝန်ရှိသူကို သုတ်သင်

အစ္စရေးနဲ့ လက်ဘနွန်အကြား အပစ်အခတ်ရပ်စဲရေးရှိနေပေမယ့် အစ္စရေးစစ်တပ်ဟာ လက်ဘနွန်မြို့တော် ဘေရွတ် တောင်ပိုင်းဆင်ခြေဖုံးကို လေကြောင်းတိုက်ခိုက်ပြီး ဟဇ်ဘိုလာ ထိပ်တန်းတာဝန်ရှိသူတယောက်ကို သုတ်သင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့မှ ဟိုင်ဝမ်အလီအယ်လ်တပ်ဘ်တာဘိုင်ဟာ ရာထူးတာဝန်များစွာကို ထမ်းဆောင်ခဲ့တဲ့ ထိပ်တန်းတာဝန်ရှိသူလို့ အစ္စရေးကပြောပါတယ်။ လူဦးရေထူထပ်တဲ့ ဒါဟိ ခရိုင်ရှိ တိုက်ခန်းတခုကို ထိမှန်ခဲ့တဲ့ တိုက်ခိုက်မှုမှာ လူငါးယောက်သေဆုံးပြီး အခြား ၂၈ ယောက်လည်း ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဟစ်ဇ်ဘိုလာက တပ်ဘ်တာဘိုင် သေဆုံးမှုကို အတည်ပြုခဲ့ပြီး အစ္စရေး၏ တိုက်ခိုက်မှုဟာ အနီရောင်မျဉ်း ကို ဖြတ်ကျော်ခဲ့တာလို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ လပေါင်းများစွာအတွင်း ဘေရွတ်တောင်ပိုင်းမှာ အစ္စရေးရဲ့ ပထမဆုံးတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အမေရိကန်နဲ့ ပြင်သစ်တို့ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသက်ဝင်ခဲ့ပေမယ့် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဘိုလာအဖွဲ့ ပစ်မှတ်တွေကို အစ္စရေးက မကြာသေးမီလတွေအတွင်း တိုက်ခိုက်ခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာတွေဟာ စစ်ရေးစွမ်းရည်များကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေပြီး လက်ဘနွန်ကို လက်နက်တွေ မှောင်ခိုတင်သွင်းနေကာ လက်နက်ကြီးနံ့ ဒုံးကျည်တွေ အစား ဖောက်ခွဲရေး ဒရုန်းတွေ ထုတ်လုပ်မှုကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ အစ္စရေးက ပြောပါတယ်။
မိမိရဲ့ ဦးဆောင်မှုအောက်မှာ ဟစ်ဇ်ဘိုလာတွေ အာဏာ ပြန်လည်တည်ဆောက်ခွင့်မပြုကြောင်းနဲ့ အစ္စရေးနိုင်ငံအတွက် ခြိမ်းခြောက်မှုတခု ထပ်မံဖြစ်ပွားခွင့်မပြုဘူးလို့ တိုက်ခိုက်မှုအပြီးမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောပါတယ်။
ဒါအပြင် လက်ဘနွန်အစိုးရအနေနဲ့ ဟစ်ဇ်ဘိုလာကို လက်နက်ဖြုတ်သိမ်းဖို့ ကတိကဝတ်ကို အကောင်အထည်ဖော် ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထုတ်ဖော်ပြောဆိုပါတယ်။

image