နိုက်ဂျီးရီးယား ကက်သလစ်ကျောင်းမှ ပြန်ပေးဆွဲခံရသူများတွင် ကလေး ၅၀ ခန့် ထွက်ပြေးလွတ်မြောက်လာ

နိုက်ဂျီးရီးယားတွင် ကက်သလစ်စာသင်ကျောင်းမှ သေနတ်သမားများ ပြန်ပေးဆွဲဖမ်းဆီးသွားသော ကလေးအယောက် ၃၀၀ ကျော်တွင် ၅၀ ခန့်သည် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ခရစ်ယာန်အဖွဲ့တစ်ဖွဲ့က နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
နိုက်ဂျီးရီးယားနိုင်ငံအနောက်ပိုင်း နိုက်ဂျာပြည်နယ်ရှိ စိန့်မယ်ရီပူးတွဲပညာရေးကျောင်းတစ်ကျောင်းကို နိုဝင်ဘာ ၂၁ ရက်အစောပိုင်းက သေနတ်သမားများ ဝင်ရောက်စီးနင်းခဲ့ကာ ကျောင်းသားကျောင်းသူ ၃၀၃ ဦးနှင့် ဆရာ ဆရာမ ၁၂ ဦးကို ပြန်ပေးဆွဲ ဖမ်းဆီးခဲ့သည်။
အိမ်နီးချင်းကက်ဘ်ဘီပြည်နယ်ရှိ အလယ်တန်းကျောင်းတွင် နိုဝင်ဘာ ၁၇ ရက်က သေနတ်သမားများ ဝင်ရောက်စီးနင်းခဲ့ပြီး မိန်းကလေး ၂၅ ဦးကို ပြန်ပေးဆွဲခဲ့ပြီးနောက် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်တို့ရရှိထားတဲ့ သတင်းကောင်းတစ်ခုကတော့ ကျောင်းသား ၅၀ လောက် ထွက်ပြေးလာပြီး မိဘတွေနဲ့ ပြန်ဆုံစည်းသွားပြီဆိုတဲ့သတင်းပါ"ဟု နိုက်ဂျီးရီးယားခရစ်ယာန်အသင်းအဖွဲ့က ထုတ်ပြန်ခဲ့ကာ ၎င်းတို့သည် နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်ကြား ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
စိန့်မယ်ရီကျောင်းမှ ပြန်ပေးဆွဲခံရသော အသက်ရှစ်နှစ်မှ ၁၈ နှစ်အရွယ်ကြားရှိ ကျောင်းသား ကျောင်းသူများသည် ကျောင်းရှိကျောင်းသားအရေအတွက် စုစုပေါင်း ၆၂၉ ဦးမှ ထက်ဝက်ခန့်ဖြစ်သည်။
ယခုအချိန်တွင် မူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူ ၂၅၁ ဦး၊ အလယ်တန်းကျောင်းသား ကျောင်းသူ ၁၄ ဦးနှင့် ဆရာဆရာမ ၁၂ ဦးတို့ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နိုက်ဂျီးရီးယားအစိုးရကမူ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများ ပြန်ပေးဆွဲခံရသည့် အရေအတွက်နှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားခဲ့ခြင်း မရှိပေ။
"ကလေး ၅၀ လောက် ထွက်ပြေးလွတ်မြောက်လာတယ်ကြားတော့ စိတ်သက်သာရာ ရခဲ့ပါတယ်။ ကျန်တဲ့ကလေးတွေနဲ့ ဆရာ ဆရာမတွေကို ကယ်တင်ဖို့နဲ့ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်အောင် ဆုတောင်းကြဖို့ အားလုံးကို တိုက်တွန်းလိုက်ပါတယ်"ဟု CAN ဥက္ကဌဖြစ်သည့်အပြင် ကျောင်းပိုင်ရှင်လည်း ဖြစ်သည့် ဘူလက်စ်ဒါဝါယိုဟန်နာက ပြောကြားခဲ့သည်။
အာဖရိက၏ လူဦးရေအထူထပ်ဆုံး နိုက်ဂျီးရီးယားတွင် လုံခြုံရေးစိုးရိမ်မှုများကြောင့် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းအများအပြား ပိတ်ခဲ့ကြသည်။
နိုက်ဂျီးရီးယားတွင် လွန်ခဲ့သည့်ဆယ်နှစ်ကျော်က ချီဘော့မြို့ရှိ ကျောင်းသူ ၃၀၀ နီးပါး ပြန်ပေးဆွဲခံခဲ့ရပြီးနောက်ပိုင်း နိုက်ဂျီးရီးယားတွင် လူအုပ်စုလိုက် ပြန်ပေးဆွဲခံရမှုများ ဆက်တိုက်ဆိုသကဲ့သို့ ပေါ်ပေါက်လာခဲ့သည်။
သေနတ်သမားများသည် လုံခြုံရေးအားနည်းသည့် ဝေးလံခေါင်သီသောနေရာများမှ ဘော်ဒါကျောင်းများကို ပစ်မှတ်ထားလေ့ရှိသည်။
ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ပြီးနောက် ပြန်ပေးဆွဲထားသူများကို ပြန်လွှတ်ပေးလေ့ရှိသည်။

image