ရန်ကုန် - နေပြည်တော် - မန္တလေးလမ်းပိုင်း ရထားလက်မှတ်များကို ငါးရက်အလိုမှစ၍ ကြိုတင် Booking ပြုလုပ်နိုင်ပြီး မည်သည့် Online Payment နှင့်မဆို MMQR Code ဖြင့် ငွေပေးချေနိုင်

ရန်ကုန် - နေပြည်တော် - မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသော အမှတ်(၇)အဆန်/(၈) အစုန်၊ အမှတ်(၃၁)အဆန်/(၃၂)အစုန် DEMU ရထားများနှင့် အမှတ်(၂၇)အဆန်/(၂၈)အစုန် RBE ရထားများဖြင့် စီးနင်းလိုက်ပါလိုကြသည့် ခရီးသွားပြည်သူများအနေဖြင့် မိမိတို့စီးနင်းလိုက်ပါလိုသည့် ခရီးစဉ်များအလိုက် ရထားလက်မှတ်များကို အဆင်ပြေလွယ်ကူစွာဝယ်ယူနိုင်ရေးအတွက် မိမိစတင်ခရီးသွားရောက်လိုသည့် ခရီးသွားမည့်နေ့ရက်မတိုင်မီ ငါးရက်အလိုမှစ၍ ကြိုတင်မှတ်ပုံတင်ခြင်း(Booking) ပြုလုပ်နိုင်ကြောင်း သိရသည်။
ခရီးသွားမည့်သူက သက်ဆိုင်ရာတယ်လီဖုန်းအမှတ်သို့ ဖုန်းအဆက်သွယ်ရရှိသည့်အခါ ဖုန်းလက်ခံသည့် မီးရထားဝန်ထမ်းက (က) ခရီးသွားမည့်သူ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ (ခ) ရထားစီးနင်းလိုက်ပါလိုသည့် နေ့ရက်၊ ခရီးစဉ်၊ ရထားအမှတ်နှင့် တွဲအတန်းအစားစသည့် အချက်အလက်များကိုမေးမြန်း၍ မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ခရီးသွားမည့်နေ့ရက်မတိုင်မီ သုံးရက်အလိုတွင် အဆိုပါဖုန်းနံပါတ်သို့ထပ်မံ ဖုန်းဆက်သွယ်ရမည်ဖြစ်ပြီး ဖုန်းလက်ခံသည့်မီးရထားဝန်ထမ်းက ခရီးသွားမည့်သူ၏ ခရီးစဉ်အတိုင်း ထိုင်ခုံနေရာ လစ်လပ်မှုရှိပါက ခရီးသွားမည့်သူထံသို့ Viber မှတစ်ဆင့် လက်မှတ်ကျသင့်ငွေပမာဏနှင့် MMQR Code အားပေးပို့မည်ဖြစ်ကြောင်း၊ ခရီးသွားမည့်သူက မည်သည့် Online Payment အမျိုးအစားနှင့်မဆို MMQR ဖြင့် ငွေပေးချေနိုင်ပြီး မီးရထားဝန်ထမ်းနှင့်ဆက်သွယ်မှုပြုလုပ်ပြီးသည်မှ တစ်နာရီအတွင်း ငွေပေးသွင်းပြီးကြောင်း အထောက်အထားကို Screenshot ပြုလုပ်၍ ဖုန်းလက်ခံသည့်မီးရထားဝန်ထမ်း၏ သက်ဆိုင်ရာဖုန်း/ Viber အမှတ်သို့ ပြန်လည်ပေးပို့ရမည်ဖြစ်ကြောင်း၊ မီးရထားဝန်ထမ်းက ငွေပေးသွင်းပြီးကြောင်း အထောက်အထားရရှိပါက ခရီးသွားမည့်သူ၏ထံသို့ စီးနင်းလိုက်ပါရမည့်ခရီးစဉ်အတိုင်း တွဲ/ ထိုင်ခုံနံပါတ်တို့အား ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း၊ ခရီးသွားမည့်သူသည် သက်ဆိုင်ရာရထားစီးနင်းမည့်ဘူတာသို့ ရထားမထွက်ခွာမီ တစ်နာရီအလို ကြိုတင်လာရောက်၍ ဘူတာလက်မှတ်ရုံ၌ ငွေပေးသွင်းပြီးကြောင်း အထောက်အထားပြသ၍ ရထားလက်မှတ်အား တောင်းခံထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ခရီးသွားပြည်သူများအနေဖြင့် ရထားလက်မှတ်များအား ပိုမိုအဆင်ပြေလွယ်ကူစွာဝယ်ယူ နိုင်ကြစေရေးအတွက် မြန်မာ့မီးရထားအနေဖြင့် ရထားလက်မှတ်များအား Online မှ ရောင်းချခြင်းနှင့် ငွေပေးချေခြင်း(Online Railway Ticketing and Payment System - ORTP) စနစ်ကို အကောင်အထည် ဖော်နိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်နေပြီဖြစ်၍ မကြာမီကာလအတွင်း အဆိုပါစနစ်အား ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ပြေးဆွဲပေးနေသော လူစီးရထားများအတွက် ရှေ့ပြေးစမ်းသပ်အစီအစဉ်အဖြစ် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ခရီးသွားပြည်သူများအနေဖြင့် လက်မှတ်ခအပိုကြေးပေးရခြင်း၊ လက်မှတ်မှောင်ခိုဝယ်ယူရခြင်းများ ကြုံတွေ့ရပါကလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

image