4 ပတ် - ဘာသာပြန်ပါ။

အမြင်အာရုံ မသန်စွမ်းသူများ မဲပေးနိုင်ရေး လက်တွေ့စမ်းသပ်မဲပေးခြင်းပြုလုပ်

မိတ္ထီလာမြို့နယ်၊ ဓမ္မပါလကျေးရွာရှိ ဘဝသစ်မျက်မမြင် ပညာသင်ကျောင်း၌ ယမန်နေ့နံနက်ပိုင်းက မသန်စွမ်းသူများ ကိုယ်တိုင်ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မျက်မမြင်စာဖြင့် အထူးပြုလုပ်ထားသည့် မဲပေးစက်များဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိပြီး မျက်မမြင်စာဖြင့် အထူးပြုလုပ်ထားသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်များ အသုံးပြု၍ စမ်းသပ်မဲပေးခြင်းကို ဘဝသစ်မျက်မမြင်ကျောင်းနှင့် ရှေ့ဆောင်မျက်မမြင်ကျောင်းမှ အမြင်အာရုံမသန်စွမ်းသူ (၃၀) က လက်တွေ့စမ်းသပ် မဲပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မသန်စွမ်းသူများ၏ ရွေးကောက်ပွဲဆိုင်ရာ အခွင့်ရေးများရရှိစေရန် ဆောင်ရွက်ပေးခြင်းသည် မသန်စွမ်းသူများ အသိုက်ဝန်းတစ်ခုလုံးအတွက် အခြေခံကျသည့် နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းအောင်ကျော် အဆိုပါ လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ဆောင်ချိန်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဥပဒေနှင့်အညီ မဲစာရင်းပြုစုရာတွင် မသန်စွမ်းမဲဆန္ဒရှင်များ မကျန်ခဲ့စေရေး၊ မဲရုံများ၌ မဲပေးရာတွင် အဆင် ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးနှင့် မသန်စွမ်းသူကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်သောသူတစ်ဦး၏ အကူအညီဖြင့် ဆန္ဒမဲပေးနိုင်ရေးတို့အတွက် ရွေးကောက်ပွဲ ဥပဒေများတွင် အခွင့်အရေးများ အပြည့်အဝပေးအပ်ထားပြီးဖြစ်ကြောင်းလည်း ဦးသန်းအောင်ကျော်က ပြောသည်။

လာမည့်ရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာ (၂၈) ရက်၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း (၂) ကို ၂၀၂၆ ဇန်နဝါရီလ၌ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။

image