မော်လမြိုင်မြို့ တောင်ဝိုင်းတောင်တက် လမ်းလျှောက်ရာသီ ဒီဇင်ဘာ (၁)ရက်တွင် စတင်မည်
မွန်ပြည်နယ်၊ မော်လမြိုင်၊ တောင်ဝိုင်းတောင်တက်လမ်းလျှောက်ရာသီကို လာမည့် ဒီဇင်ဘာ (၁) ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
နှစ်စဉ် ဒီဇင်ဘာလမှ ဇန်နဝါရီလအထိ တောင်တက်ရာသီအဖြစ် သတ်မှတ်ထားပြီး သာသနာပြု ဆရာတော် အရှင်စန္ဒာဇောတိက ဒီဇင်ဘာလ (၁) ရက် နံနက်ပိုင်းကစ၍ ပြည်သူလူထု ကျန်းမာရေးတောင်တက်လမ်းလျှောက်ပွဲနှင့် ဘုရားဖူးရာသီကို စတင်မည်ဟု မိန့်ကြားထားကြောင်း သိရသည်။
အဆိုပါ တောင်တက်ရာသီအတွင်း နံနက် (၄) နာရီမှ စတင်၍ နံနက် (၉) နာရီအထိ လမ်းလျှောက်တက်ရမည်ဖြစ်ကာ ယင်းအချိန်အတွင်း ကား၊ ဆိုင်ကယ်၊ စက်ဘီးများကို တောင်ပေါ်တက်ရောက်ခွင့်ပိတ်ပင်ထားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လမ်းလျှောက်တောင်တက်သူများအနေဖြင့် ကားနှင့်ဆိုင်ကယ်များကို တောင်တက်လမ်းအဝင်၌ အခမဲ့ အပ်နှံနိုင်ရန်စီစဉ်ထားရှိပြီး လမ်းလျှောက်ရင်း ဆေးလိပ်မသောက်ကြရန်နှင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန် မေတ္တာရပ်ခံထားသည်။
ထို့ပြင် ဈေးသည်များအနေဖြင့် လမ်းလျှောက်သူများကို အနှောင့်အယှက်မဖြစ်စေရန် ကွန်ကရစ်လမ်းပေါ်တက်ရောက် ရောင်းချခွင့်မရှိဘဲ တောင်ခြေမြေပြင်၌သာ ရောင်းချရမှာဖြစ်သလို အရက်၊ ဘီယာနှင့်ညှော်နံ့ထွက်သည့် အ စားအသောက်များကို ရောင်းချခွင့်မပြုကြောင်း သာသနာနွယ်ဖောင်ဒေးရှင်းက စည်းကမ်းထုတ်ပြန်ထားသည်။