စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) ကို နိုင်ငံတော်ယာယီသမ္မတကဖွင့်လှစ်ပေး

ဧရာဝတီတိုင်း၊ မအူပင်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) အား နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၂၃ ရက်နံနက်ပိုင်းကဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ယာယီသမ္မတမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ပင်မဆောင်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ကော်မရှင်အတွင်းရေးမှူး တွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု- ဗိုလ်ချုပ်ကြီးရာပြည့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့မှလည်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ယာယီသမ္မတမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစတင်ပြီး ယခုကဲ့သို့ ဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံတော်၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအတွက် လိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိုများစွာအထောက်အကူပြုစေမည်ဖြစ်သည့်အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းကအကျိုးပြုစေနိုင်မည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) အား နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်သည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ အရည်အချင်းပြည့်ဝသည့် စိုက်ပျိုးရေးပညာသိပ္ပံဘွဲ့နှင့် မွေးမြူရေးပညာသိပ္ပံဘွဲ့ရပညာရှင်များပိုမိုသင်ကြားမွေးထုတ်ပေးနိုင်ရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံစီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် ခေတ်မီနည်းပညာများ၊ အတတ်ပညာများ လေ့လာသင်ယူနိုင်ကြစေရန်နှင့် လက်တွေ့အသုံးချသုတေသနလုပ်ငန်းများကို ပိုမိုအားကောင်းစွာဆောင် ရွက်နိုင်ကြစေရန်ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ယာယီသမ္မတသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံဖြိုးတိုးတက်ရေးသင်တန်းကျောင်း (မအူပင်) ၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မအူပင်) နှင့် ပိုလီတက္ကနစ်နည်းပညာတက္ကသိုလ် (မအူပင်) တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image