မိသားစုနေအိမ်နှင့် ကိုက် ၁၀၀ အတွင်းတွင် တည်ရှိတဲ့ ပေါင် ၁၃.၅ သန်းတန် နေအိမ်ကို ဝယ်ယူရန် စီစဉ်နေတဲ့ ဂွါဒီယိုလာ
====================
ပက်ဂွါဒီယိုလာဟာ လမ်းခွဲလိုက်ပြီဖြစ်တဲ့ ဇနီးနှင့် အတူနေထိုင်ခဲ့တဲ့ ပေါင် ၈.၅ သန်းတန် နေအိမ်နှင့် ကိုက် ၁၀၀ အကွာအတွင်းတွင် ရှိတဲ့ တန်ဖိုးကြီး ဇိမ်ခံအိမ်တစ်လုံးကို ဝယ်ယူရန် ကြိုးပမ်းနေပါတယ်။
အသက် ၅၄ နှစ်ရှိ ဂွါဒီယိုလာဟာ ဇနီးသည် ဖက်ရှင်ဆိုင်ပိုင်ရှင် ခရစ္စတီနာဆာရာနှင့် ကွာရှင်းပြတ်စဲရေး နောက်ဆုံးအဆင့် လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။
အသစ်တည်ဆောက်ထားတဲ့ အိမ်သစ်ကြီးက ဘာစီလိုနာရှိ လူကုံထံ အသိုင်းအဝိုင်းများ နေထိုင်တဲ့ ပီဒရဲလ်ဘီတွင် တည်ရှိတာ ဖြစ်ပြီး နေအိမ်ဟောင်းနှင့် လမ်းတစ်လျှောက်စာ အကွာအဝေးတွင်သာ ရှိပါတယ်။
ယင်းပေါင် ၁၃.၅ သန်းတန် နေအိမ်ကို ဖန်တီးသူများဟာ နေအိမ်ဝန်းကျင်တွင် အမြဲစိမ်းသစ်ပင်၊ သံပုရာပင်များ၊ ဆိုက်ပရက်စ်ပင်များ၊ မက်ဂနိုးလီးယားပင်များ၊ ရှေးဟောင်းသံလွင်ပင်များ ဝိုင်းရံ နေပြီး အထူးသီးသန့်နေထိုင်နိုင်အောင် တည်ဆောက်ထားတာပါ။
တဖက်တွင် ဂွါဒီယိုလာဟာ ယခု နေအိမ်အား အနာဂတ်အတွက် ရင်းနှီးမြှပ်နှံမှုတစ်ခုအဖြစ် ဝယ်ယူလိုနေတာလည်း ဖြစ်ပါတယ်။
ပက်ဂွါဒီယိုလာဟာ ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံးမယ့် မန်စီးတီးနှင့် ပေါင်သန်း ၄၀ တန် စာချုပ်ကုန်ဆုံးပါက ဘောလုံးလောကမှ ခေတ္တအနားယူရန် စီစဉ်ထားသူလည်း ဖြစ်ပါတယ်။