(၃၁) ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမည်
နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တွင် (၃၁) ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်တွင်းသာသနာပြုဌာနခွဲတို့မှ သိရသည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့မှ ၁၃၈၄-၁၃၈၅ ပညာသင်နှစ်တွင် သာသနတက္ကသီလမဟာဓမ္မာစရိယဘွဲ့ M.A (၂၄) ပါးနှင့် သာသနတက္ကသီလ ဓမ္မာစရိယဘွဲ့ B.A (၁၁၉) ပါး စုစုပေါင်း သံဃာတော်အရှင်သူမြတ် (၁၄၃) ပါးတို့ကို ဘွဲ့ဆက်ကပ်သွားမည်ဖြစ်သည်။
အဆိုပါ (၃၁) ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၃၈၇ ခုနှစ် နတ်တော်လပြည်နေ့ ၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၄) ရက် (ကြာသပတေးနေ့) မွန်းလွဲ (၁) နာရီတွင် မရမ်းကုန်းမြို့နယ် ၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
ထို့ကြောင့် ဘွဲ့ခံယူတော်မူမည့် သံဃာတော်အရှင်မြတ်များထံသို့ ပင့်လျှောက်လွှာများကို နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) မော်ကွန်းထိန်းဌာနနှင့် ပြည် တွင်းသာသနာ ပြုဌာနခွဲတို့မှတဆင့် ပေးပို့ဆက်ကပ်ထားပြီးဖြစ်သည်။
ပင့်လျှောက်လွှာ လက်ခံရရှိခြင်းမရှိပါကလည်း ဘွဲ့နှင်းသဘင်ခန်းမသို့ ဒီဇင်ဘာ (၃) ရက် မွန်းလွဲ (၁) နာရီအရောက် အချိန်မီကြွရောက်တော်မူပါရန် ဘွဲ့ခံသံဃာတော်များအား သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနက နှိုးဆော်ပင့်လျှောက်ထားကြောင်းနှင့် မဟာဘွဲ့နှင်းသဘင်အခမ်းအနားတွင် မြတ်စွာဘုရားတစ်ဆူအပါအဝင် ပင့်သံဃာတော် (၁၀၄) ပါး၊ ဘွဲ့ခံသံဃာတော် (၁၄၃) ပါး စုစုပေါင်း (၂၄၈) ပါးတို့ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမည်ဖြစ်သည်။
ထို့ကြောင့် ဆွမ်းဆန်စိမ်း လောင်းလှူလိုသော ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် တစ်ဦးချင်းပုဂ္ဂလိက အလှူရှင်များအနေဖြင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဌာနခွဲ ဖုန်း ၀၉-၄၂၃၉၉၇၈၅၁၊ ၀၉-၂၅၉၆၂၈၁၆၄၊ ၀၉-၂၅၅၉၅၃၁၇၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ပုံစာ - (၂၉) ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပနေပုံ