ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းလိမ်လည်မှု (ကျားဖျန့်) လုပ်ငန်းနှိမ်နင်းမှု သုံးရက်အတွင်း နိုင်ငံခြားသား ကိုးရာကျော်၊ ကွန်ပျူတာ သုံးထောင်ကျော်နှင့် မိုဘိုင်းဖုန်း အလုံးနှစ်သောင်းကျော် ဖမ်းဆီးရမိ

ကရင်ပြည်နယ် မြဝတီတောင်ဘက်ရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် နာမည်ကြီးအွန်လိုင်းလိမ်လည်မှု (ကျားဖျန့်) လုပ်ငန်းအား နိုင်ငံတော် တာဝန်ရှိသူများနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းပြီး နိုဝင်ဘာ ၁၈ ရက်မှစ၍ ရှင်းလင်းဖမ်းဆီးလျက်ရှိရာ သုံးရက်အတွင် နိုင်ငံခြားသား ၉ဝဝ ကျော်၊ လက်ကိုင်ဖုန်း အလုံးရေ ၂ဝဝဝဝ ကျော်၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း အစုံ ၂၆ဝဝ ကျော် သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ကရင်ပြည်နယ် မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မြိုင်မြို့သစ် ကျားဖျန့်လုပ်ငန်းအား အပြီးတိုင် ရှင်းလင်းရေး ဆောင်ရွက်လျက်ရှိရာ တပ်မတော်၊ တာဝန်ရှိသူများနှင့် BGF နယ်ခြားစောင့်တပ်ပူးပေါင်းပြီး ကျားဖြန့် လုပ်ငန်းရှိရာ အဆောက်အအုံ ၂၂ လုံးအား စစ်ဆေးဖမ်းဆီးရာတွင် နိုင်ငံခြားသားများ၊ ဖုန်းများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း အများအပြား ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း BGF နယ်ခြားစောင့်တပ် ကျားဖြန့် ဖမ်းဆီနိမ်နင်းရေး တာဝန်မှူး ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောကြားသည်။
“ရွှေကုက္ကိုလ်မြို့သစ် အဆောက်အအုံ ၂၂ လုံးကို စစ်ဆေးပြီးဖြစ်ပါတယ်။ နိုင်ငံခြားသား ၉ဝဝ ကျော်ကို သုံးရက်အတွင်းမှာ ဖမ်းဆီးခဲ့ပါပြီ။ ပထမဦးဆုံး နိုဝင်ဘာ ၁၈ ရက်နေ့ကတော့ ၃၄၆ ဦး ဖမ်းမိတယ်။ နိုင်ငံအနေနဲ့ ၂၂ နိုင်ငံ၊ အားလုံးဖမ်းဆီရမိတဲ့ထဲမှာတော့ တရုတ်နိုင်ငံသား အများဆုံးပေါ့။ ဒုတိယနေ့ ၁၉ ရက်နေ့ ၂၆၄ ဦး ဖမ်းမိတယ်။ နိုင်ငံပေါင်း ရှစ်နိုင်ငံ အများဆုံးကတော့ တရုတ်နိုင်ငံသား။ ဒီနေ့ ၂၀ ရက်နေ့မှာ စိစစ်ဆေးအားလုံး စုစုပေါင်း နိုင်ငံပေါင်းက ၁၄ နိုင်ငံ လူဦးရေ စုစုပေါင်းကတော့ ၃၅၀ ကျော်ပေါ့။ ခုလောလောဆယ် စစ်ဆေးနေဆဲပါ။ အားလုံးကတော့ တရုတ်နိုင်ငံသား အများဆုံးဖြစ်ပါတယ်။ သိမ်း ဆည်းရမိပစ္စည်းထဲမှာက ကွန်ပျူတာနဲ့ မော်နီတာ ဆက်စပ်ပစ္စည်း အလုံးရေ စုစုပေါင်း ၂၆၅၃လုံး။ မိုဘိုင်းဖုန်း အလုံး ၂ဝဝဝဝ ကျော်၊ ဒါတွေ စနစ်တကျ သိမ်းဆည်းပြီး နိုင်ငံတော် အစိုးရတာဝန်ရှိသူ လက်ထဲကို အပ်နှံပြီးဖြစ်ပါတယ်”ဟု ဒုတိယ ဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောကြားသည်။
အွန်လိုင်းလိမ်လည်မှု ကျားဖျန့်လုပ်ငန်းများ အပြီးတိုင်နှိမ်နင်းရေးအတွက် နိုင်ငံတော်အကြီးအကဲ လမ်းညွှန်မှု၊ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်ညွှန်ကြားမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

image