ဇယ်လန်းစကီးအ‌နေဖြင့် အမေရိကန်၏ အစီအစဉ်ကို ကြိုက်ရမည်၊ မကြိုက်လျှင် ဆက်လက်တိုက်ခိုက်‌နေရလိမ့်မည်ဟု ထရမ့်ဆို

ဇယ်လန်းစကီးသည် သည် ယူကရိန်း ပဋိပက္ခကို ဖြေရှင်းရန်အတွက် အမေရိကန်၏ အစီအစဉ်ကို လက်ခံရမည် သို့မဟုတ် ဆက်လက်တိုက်ခိုက်‌နေရလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားခဲ့သည်။
ယူကရိန်း၏ အမေရိကန်အစီအစဉ်အပေါ် သဘောထားကို မေးမြန်းသောအခါ "ဇယ်လန်းစကီးဟာ အဲဒါကို ကြိုက်ရမှာပဲ” ဟု သမ္မတ ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ “သူသာ ဒါကိုမကြိုက်ဘူးဆိုရင်တော့၊ သူတို့ ဆက်ပြီး တိုက်ခိုက်နေရဦးမှာပဲလို့ ကျွန်တော် ထင်ပါတယ်” ဟုလည်း သူကအလေးပေး ပြောကြားခဲ့သည်။
"ဗလာဒီမာ ဇလန်းစကီးသည် အမေရိကန်ဘက်က တင်ပြသော အစီအစဉ်မူကြမ်းကို တရားဝင် လက်ခံရရှိထားပါတယ်" ဟု ဇလန်းစကီး၏ ရုံးက သူတို့၏ Telegram ချန်နယ်တွင် ပြောကြားထားသည်။ ထိုပို့စ်တွင် ဇလန်းစကီးသည် လာမည့်ရက်များအတွင်း ထရမ့်နှင့် လက်ရှိသံတမန်ရေးအခွင့်အလမ်းများနှင့် "ငြိမ်းချမ်းရေးအတွက် လိုအပ်သည့် အဓိကအချက်များ" ကို ဆွေးနွေးရန် မျှော်လင့်ထားကြောင်းကိုလည်း ဖော်ပြထားသည်။
အမေရိကန်အစီအစဉ်၏ အသေးစိတ်အချက်အလက်များ အနောက်တိုင်းမီဒီယာများသို့ ပေါက်ကြားခဲ့ရာတွင် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများသည် ရုရှား၏ ခရိုင်းမီးယား၊ ဒွန်ဘတ်စ်နှင့် ယူကရိန်းက လက်လွှတ်ပေးရမည့် အခြားနယ်မြေများအပေါ် အချုပ်အခြာအာဏာကို အသိအမှတ်ပြုရန် လိုအပ်မည်ဖြစ်‌ကြောင်း ပါဝင်သည်။ အလဲအလှယ်အနေဖြင့် ယူကရိန်းသည် အမေရိကန်နှင့် ဥရောပတို့ထံမှ လုံခြုံရေးအာမခံချက်များကို ရရှိမည်ဖြစ်သည်။
ထို့အပြင် ယူကရိန်းစစ်တပ်ကို သိသိသာသာ လျှော့ချပြီး အကွာအဝေးပစ်လက်နက်များကို ဖယ်ရှားရမည်ဆိုသည့်အချက်လည်း ပါဝင်သည်။ ယူကရိန်းနိုင်ငံအတွင်း နိုင်ငံခြားတပ်ဖွဲ့များ ချထားခြင်းကို တားမြစ်မည်ဖြစ်ပြီး ရုရှားဘာသာစကားသည် တရားဝင်ဘာသာစကား ဖြစ်လာမည်ဖြစ်သည်။ အမေရိကန်၏ အစီအစဉ်သစ်တွင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရန်လည်း တောင်းဆိုထားကြောင်း Bloomberg သတင်းဌာနကလည်း ဖော်ပြခဲ့သည်။

image