5 ပတ် - ဘာသာပြန်ပါ။

အာဖရိကဖလားပြိုင်ပွဲအတွက် ကစားသမား ၃ ဦးအား နောက်ကျစေလွှတ်ရေးယူနိုက်တက် ကြိုးပမ်းမည်
==================

ယူနိုက်တက်ဟာ ဘရိုင်ယန်အမ်ဘူမို၊ အာမက်ဒီရယ်လို၊ နူဆာမာ့ဇ်ရာဝီတို့အား အာဖရိကဖလားပြိုင်ပွဲအတွက် နောက်ကျပြီးမှ စေလွှတ်နိုင်ရေး ကြိုးပမ်းလာပါမယ်။
နိုင်ငံတကာပြိုင်ပွဲစည်းမျဉ်းအရ ယူနိုက်တက်ဟာ ကင်မရွန်း၊ အိုင်ဗရီကို့စ်နှင့် မော်ရိုကိုတို့ရဲ့ ပထမဆုံးအာဖရိကဖလားပြိုင်ပွဲမတိုင်မီ နှစ်ပတ်အလိုတွင် ကစားသမား ၃ ဦးတို့အား စေလွှတ်ရပါမယ်။
ဒါကြောင့်လည်း ယူနိုက်တက်ဟာ ဒီဇင်ဘာလ ၈ ရက်နေ့ Molineux တွင် ဝုဗ်နှင့် ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲဝန်းကျင်အတွင်း ယင်းကစားသမား ၃ ဦးကို သက်ဆိုင်နိုင်ငံအသင်းများသို့ စေလွှတ်ရပါမယ်။
အိုင်ဗရီကို့စ်တောင်ပံကစားသမားအာမက်ဒီရယ်လိုနှင့် ကင်မရွန်းတိုက်စစ်သမားဘရိုင်ယန်အမ်ဘူမိုတို့ဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ပထမဆုံးပွဲ ကစားရပါမယ်။
အာဖရိကဖလားဗိုလ်လုပွဲကို ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကစားမည်ဖြစ်ရာ ၎င်းတို့ဟာ ပရီးမီးယားလိဂ်ပွဲ ၈ ပွဲအပြင် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်ကိုပါ လွဲချော်နိုင်တဲ့အနေအထားမှာ ရှိပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ အသင်းရဲ့ ဦးစားပေးကစားသမားများဖြစ်ကြတဲ့ အာမက်ဒီရယ်လို၊ ဘရိုင်ယန်အမ်ဘူမိုအပြင် ယခုအခါ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝကာ ခံစစ်နေရာအများစုတွင် ကစားနိုင်တဲ့ မာ့ဇ်ရာဝီတို့အား ဒီဇင်ဘာလ ၁၅ ရက်နေ့ ဘုန်းမောက်နှင့်ပွဲစဉ်အပြီးတွင်မှ စေလွှတ်နိုင်ရေး သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်နှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်သွားပါမယ်။
တကယ်လို့ ယင်းပွဲအပြီးတွင်မှ စေလွှတ်နိုင်မည်ဆိုပါက ကစားသမား ၃ ဦးတို့မှာ ဒီဇင်ဘာလ ၂၁ ရက်နေ့ ဗီလာနှင့်ပွဲစဉ်မှ စတင် လွဲချော်ပါမယ်။
ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက အာဖရိကဖလားပြိုင်ပွဲတွင် အင်ဒရေအိုနာနာအား ပထမဆုံးပွဲကစားမယ့် ရက်တွင်မှ အချိန်မီ စေလွှတ်ရေး ညှိနှိုင်းမှု ပြုလုပ်ရာ အောင်မြင်မှု ရရှိခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း အိုနာနာဟာ နယူးပေါ့နှင့် ကစားရတဲ့ အက်ဖ်အေဖလားပွဲတစ်ပွဲတည်းကိုသာ လွဲခဲ့ပါတယ်။
ယခုအခါ ရူဘင်အမိုရမ်က "ကစားသမားတွေကို စေလွှတ်ရမယ့် အချိန်က ပြဌာန်းထားပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့ ကစားသမားတွေကို နောက်ကျပြီးမှ စေလွှတ်နိုင်ဖို့ ကြိုးစားသွားမယ်။ ဒါက ကျွန်တော်တို့ ဆုံးဖြတ်ချက်အပေါ် မမူတည်ပါဘူး။ ဘာဖြစ်လာမလဲ ကြည့်ရမယ်။ ဘောလုံးအဖွဲ့ချုပ်တွေနဲ့ တခုခု စီစဉ်နိုင်ဖို့ ကြိုးစားသွားမယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ပေါ်တူဂီလူမျိုးနည်းပြက နိုဝင်ဘာလ ၈ ရက်နေ့ စပါးစ်နှင့်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှူးဘင်ဂျာမင်ဆက်စ်ကိုမှာ ယင်းကာလဝန်းကျင်တွင်ပင် အသင်းအတွက် ပြန်ကစားလာနိုင်ဖို့ ရှိကြောင်း ဆိုသွားပါတယ်။
တကယ်လို့များ ဆက်စ်ကိုသာ မကစားနိုင်ပါက ဘရိုင်ယန်အမ်ဘူမို၊ အာမက်တို့ကိုလည်း ဆုံးရှုံးထားရတဲ့ ယူနိုက်တက်ဟာ ဂျိုရှာဇတ်ဇီး၊ ကိုဘီမိုင်နူးတို့ကို အားကိုး အသုံးပြုလာရပါမယ်။

image