ပွဲမတိုင်မီ လက်ဆွဲနှုတ်ဆက်မှုတွင် မြောက်ကိုရီးယားကစားသမားအချို့ လက်သီးဖြင့် ထိုးလာမှုအပေါ် ဂျပန်ဘောလုံးအဖွဲ့ချုပ်တိုင်ကြားလာ
======================
မြောက်ကိုရီးယားကစားသမားများဟာ ပွဲမတိုင်မီ ပြိုင်ဘက်ကစားသမားများနှင့် လက်ဆွဲနှုတ်ဆက်တဲ့ အစီအစဉ်တွင် လက်သီးဖြင့် အားရပါးရထိုးမှု ပြုလုပ်ခဲ့ကြပါတယ်။
ယခုအခါ ဂျပန်ဘောလုံးအဖွဲ့ချုပ်ဟာ ယူ-၁၇ ကမ္ဘာ့ဖလားပွဲ မတိုင်မီ ဖြစ်ပျက်ခဲ့တဲ့ ယင်းအဖြစ်အပျက်နှင့်ပတ်သက်ပြီး ဖီဖာအား အရေးယူပေးရန် တိုင်ကြားမှု ပြုလုပ်လာပြီလည်း ဖြစ်ပါတယ်။
ဂျပန်နှင့် မြောက်ကိုရီးယားတို့ဟာ အင်္ဂါနေ့တုန်းက ကာတာတွင် ကျင်းပနေတဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆ သင်း ရှုံးထွက်အဆင့်တွင် ထိပ်တိုက်တွေ့ခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲမတိုင်မီ အစဉ်အလာမပျက် နှစ်ဖက်ကစားသမားများ လက်ဆွဲနှုတ်ဆက်တဲ့ အစီအစဉ်တွင် တချို့ မြောက်ကိုရီးယားကစားသမားများဟာ ပြိုင်ဘက် ဂျပန်ကစားသမားများရဲ့ လက်ကို လက်သီးဖြင့် ထိုးလာကြတာပါ။
ဂျပန်လူငယ်ကစားသမားတို့က အစဉ်အလာမပျက် လက်သီးခြင်းထိ (သို့မဟုတ်) လက်ဆွဲနှုတ်ဆက်လာချိန်တွင် ဖြစ်ပျက်ခဲ့တာပါ။
အစပိုင်းတွင် ခင်ခင်မင်မင်ဖြင့် လက်သီးဖြင့် ထိခဲ့ကြပေမယ့်လည်း နောက်ပိုင်းတွင် မြောက်ကိုရီးယားကစားသမားအချို့ဟာ ဒေါသဖြင့် အားရပါးရ လက်သီးဖြင့် ထိုးလာကြတာ တွေ့ရပါတယ်။
ယင်းအဖြစ်အပျက်အား ကွင်းတွင်း ဒိုင်လူကြီးက တစုံတရာ အရေးယူခဲ့ခြင်း မရှိပါဘူး။
ဒါပေမယ့် ယခုအခါမှာတော့ ဂျပန်ဘောလုံးအဖွဲ့ချုပ်က ယင်းအဖြစ်အပျက်အား စုံစမ်းစစ်ဆေးပြီး အရေးယူပေးရန် ဖီဖာထံ တောင်းဆိုလာပြီ ဖြစ်ပါတယ်။
အဆိုပါပွဲစဉ်တွင် ဂျပန်တို့ အနိုင်ရရှိပြီး ယူ-၁၇ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီ ဖြစ်ပါတယ်။
ယင်းပွဲတွင် ပွဲအစ ၄ မိနစ်မှာ ဂျီလာနီမက်ဂီးက ဂျပန်အတွက် ဦးဆောင်ဂိုး သွင်းခဲ့ပြီး ဒုတိယပိုင်းတွင် ရီဟိုက်ဂွမ်က မြောက်ကိုရီးယားအတွက် ချေပဂိုးသွင်းခဲ့ပါတယ်။
ပွဲချိန်အတွင်း သရေကျပြီးနောက် ပင်နယ်တီ အဆုံးအဖြတ်ကန်ရာတွင် ဂျပန်က ၅-၄ ဖြင့် အနိုင်ရရှိသွားပါတယ်။