5 ပတ် - ဘာသာပြန်ပါ။

အာဂျင်တီးနားထိပ်တန်းကလပ် ၂ ခုကို ကိုင်တွယ်ပြီး နည်းပြလောကသို့ ဝင်ရောက်လိုကြောင်း ဒီမာရီယာ ဖွင့်ဟလာ
=====================

အိန်ဂျယ်ဒီမာရီယာက အာဂျင်တီးနားထိပ်တန်းကလပ် ၂ ခုကို ကိုင်တွယ်ကာ နည်းပြလောကသို့ ဝင်ရောက်လိုကြောင်း ဖွင့်ဟပြောကြားလာပါတယ်။
အသက် ၃၇ နှစ်ရှိ ဒီမာရီယာဟာ ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက်၊ ပီအက်စ်ဂျီနှင့် ဘင်ဖီကာတို့တွင် ကစားခဲ့သူ ဖြစ်ပြီး လက်ရှိအချိန်တွင် ကစားသမားဘဝ စတင်ရာ ရိုဆာရီယိုစင်ထရယ်တွင် ကစားနေပါတယ်။
သူဟာ ကစားသမားဘဝမှ အနားယူပြီးပါက နည်းပြလောကသို့ ဝင်ရောက်ရန် စိတ်အားထက်သန်နေသူလည်း ဖြစ်ပါတယ်။
ဒီမာရီယာက "လီယန်ဒရိုပါရီဒက်စ်နဲ့အတူ နည်းပြသင်ခန်းစာယူနေတယ်။ လိုင်စင်ရဖို့ ကြိုးစားနေတယ်"လို့ ပြောကြားနေပါတယ်။
ပါရီဒက်စ်မှာ ဘိုကာဂျူနီယာတွင် ကစားနေတဲ့ ကွင်းလယ်ခံစစ်သမားတစ်ဦးဖြစ်ပြီး ပီအက်စ်ဂျီတွင် ဒီမာရီယာနှင့် ၄ နှစ်တိုင်တိုင် တွဲကစားခဲ့သူလည်း ဖြစ်ပါတယ်။
၎င်းတို့နှစ်ဦးဟာ အာဂျင်တီးနားအသင်း ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံအသင်းတွင် အဓိကနေရာမှ ပါဝင်ခဲ့ကြသူများ ဖြစ်ပါတယ်။
ဆက်လက်ပြီး ဒီမာရီယာက "ကျွန်တော်တို့အသင်းတွေက သေတဲ့အထိ ၄-၃-၃ နဲ့ ကစားလာမယ်။ ဒါနဲ့ပတ်သက်ပြီး လီယန်ဒရိုနဲ့ ကျွန်တော် စကားပြောပြီးပြီ။ အနားယူပြီးတဲ့အခါ ရိုဆာရီယို၊ ဘိုကာဂျူနီယာတို့ကို ကိုင်တွယ်ချင်တယ်"လို ပြောကြားသွားပါတယ်။
တကယ်လို့များ ဒီမာရီယာသာ နည်းပြလောကသို့ ဝင်ရောက်လာပါက ယူနိုက်တက်ကစားဖော်များဖြစ်ကြတဲ့ ဝိန်းရွန်းနီ၊ မိုက်ကယ်ကာရစ်၊ တွမ်ကလီဗာလေး၊ ရော်ဘင်ဗန်ပါစီတို့ရဲ့ ခြေရာကို နင်းလာနိုင်ပါမယ်။
ဒီမာရီယာဟာ ကစားသမားဘဝအတွင်းတွင် ထိပ်တန်းနည်းပြများဖြစ်ကြတဲ့ ကာလိုအန်ဆယ်လော့တီ၊ ဟိုဆေးမော်ရင်ဟို၊ သောမတ်စ်တူချယ်တို့ရဲ့ လက်အောက်တွင် ကစားခဲ့သူလည်း ဖြစ်ပါတယ်။

image